ဩဂုတ်၂၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်တိုက်ပွဲငြိမ်သက်နေရာ ဩဂုတ်၁ရက်ကစပြီး တိုက်ပွဲပြန်ဖြစ်နေကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာနိုင်သည့်အန္တရာယ်ကြောင့် ဖားကန့်-ဆိပ်မူလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ KPDFက ယာယီပိတ်ထားသည်။
ဖားကန့်-ဆိပ်မူလမ်းပိုင်းနှင့်ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ် ၁ရက်တွင် တပ်စွဲပြီးသည့်နောက် ဆိပ်မူကျေးရွာကို စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
ထို့ကြောင့် ဖားကန့်-ဆိပ်မူလမ်းပိုင်းကို KIA ၊ KPDFက ယာယီပိတ်ပင်ထားပြီးယနေ့(ဩဂုတ် ၂ရက်) ညနေပိုင်းတွင် ယူမာကျေးရွာ၌ တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။
” ယူမာရွာထဲက ကုမ္ပဏီဝန်းထဲကို လက်နက်ကြီးကျလို့ အရပ်သားထိခိုက်မှုတွေရှိတယ်။ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတွေကြားနေရတယ်။ ဘေးပတ်ဝန်းကျင်ရွာတော်တော်များများ ပြေးနေရတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲနှင့် စစ်ရေးအခြေအနေကြောင့် ယူမာ၊ရှရော်ခ၊ မှော်တောင်းနှင့် ဆန်းကြွယ်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ဇူလိုင် တတိယပတ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့်မော်မောင်းကုန်းနှင့် လမောင်းကုန်းကျေးရွာဘက်တွင်လည်း စစ်ရေးဆက်လက်တင်းမာနေသည်။
ဖားကန့်မြို့နယ်အမှိုက်ပုံကျေးရွာအပါအဝင်နေရာအချို့တွင် ဇူလိုင်၂၀ ရက် အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှမကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းကာလနောက်ပိုင်း တိုက်ပွဲများငြိမ်သက်သွားသော်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ဒေသခံပြည်သူ များလုံခြုံရေးသတိပြုနေထိုင်ကြရန်ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ထပ်မံသတိပေးသည်။
လေကြောင်းအန္တရာယ်သတိပြုရန်လည်း KIA၊KPDF နှင့် နီးစပ်သူများက သတိပေးနေသည်။
ဖားကန့်မြို့နယ်တွင် စစ်ရေးတာဝန်ယူထားသည့် တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ပြီးခဲ့သည့်မေလကုန်တွင် စစ်ကောင်စီက ဖမ်းဆီးပြီးကလောမြို့အခြေစိုက်စစ်ဦးစီးတက္ကသိုလ်(ဥစတ)မှ ဗိုလ်မှူး ကြီးကောင်းမင်းထွဋ်ကို အစားထိုး ခန့်အပ်ခဲ့သည်။
မေလကုန်၊ ဇွန်လဆန်းတွင် ဖားကန့်မြို့သို့ စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်လာပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၂လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၄၀ဦးခန့်ရှိနေပြီ ဖြစ်သည်။











































