ဇူလိုင် – ၁၆ ၊ ၂၀၂၅၊ ရောင်နီ/People’s Spring
နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူသိများထင်ရှားသူ ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့ ၊ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ ဒီနေ့မှာ ပြုလုပ်နေပါတယ်။
ဆရာတော် ရုပ်ကလာပ်တော် အန္တိမအဂ္ဂိစျာပနမီးပူဇော်တဲ့ အစီအစဉ်ကို မူလကြော်ငြာထားတဲ့အတိုင်း မြို့မသုဿာန်မှာ မကျင်းပဖြစ်တော့ဘဲ ကျောင်းဝန်းထဲမှာပဲ လောင်တိုက်ပြုလုပ်ပြီး မီးပူဇော်မှာဖြစ်ပါတယ်။
ရွှေညဝါဆရာတော်လို့ ထင်ရှားတဲ့ အရှင်ပညာသီဟ ဟာ ကာလရှည်ခံစားနေရတဲ့ နှလုံးနဲ့ အသည်းရောဂါကို ကုသနေရင်း ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဇူလိုင် ၁၀ ရက် မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော်မူခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ပျံလွန်တော်မူချိန်မှာ ဆရာတော်ဟာ သက် တော် ၆၀ ရှိပြီဖြစ်ပြီး ဝါတော် ၄၀ ရှိပါပြီ။
ဆရာတော်ဟာ မတရားမှုကို ဓမ္မလက်ကိုင်ထားပြီး ဆန့်ကျင်သူဖြစ်ကာ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို အလေးထား ဟောကြားလေ့ရှိပါတယ်။
ဒါကြောင့်လည်း ဆရာတော်ဟာ တရားဟောခွင့်ပြောခွင့် ပိတ်ပင်ခံရတာမျိုးကြုံခဲ့ရပါတယ်။
ဒါအပြင် ၁၉၈၈ ခုနှစ်က ရှစ်လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးတို့မှာ ပါဝင်ခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။
စစ်တပ်တကျော့ပြန်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နံနက်အစောပိုင်းမှာ တော့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ နည်းတူ ဆရာတော်ကိုလည်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၂ နှစ်ချခဲ့ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။
ဆရာတော်ဟာ ထောင်ထဲမှာ ကျန်းမာရေးဆိုးရွားခဲ့ပါတယ်။
ထောင်က လွတ်မြောက်လာပြီးနောက် ပြည်ပ ကိုသွားပြီး ဆေးကုသဖို့ အတွက် နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီက မထုတ်ပေးခဲ့ဘူးလို့ ဆရာတော်နဲ့ နီးစပ်သူ က ပြောထားပါတယ်။
