ဇူလိုင်-၉၊၂၀၂၅။မိထက်/People’s Spring
အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များတိုက်ခိုက်နေသည့် ရေကြည်မြို့အခြေစိုက်အမြောက်တပ်(အမတ-၃၄၄)မှ ထွက်ပြေးသော စစ်သင်တန်းဆင်းငါးဦးအနက် တစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်သည်။
“တဇောင်းရိုးရွာမှာ မနေ့က(ဇူလိုင် ၈)ညနေကအပစ်ခံရတာ။ ကလေးတစ်ယောက်သေတယ်။ စစ်တပ်က ရွာထဲရောက်သွားပြီး ခဏအကြာမှာ သေနတ်သံတွေကြားတာပဲ။ အလောင်းကိုလည်း ပြန်သယ်သွားတယ်” ဟု အသုတ်မြို့ခံတစ်ဦးကပြောသည်။
ရေကြည် နှင့် အသုတ်မြို့သည်ဆက်စပ်နေပြီး အမတ-၃၄၄ကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်မှုအရှိန်မြှင့်နေသလို စစ်ကောင်စီကလည်း စစ်မှုထမ်းသင်တန်းဆင်းများ၊ ရဲတပ်ဖွဲ့ဝင်များပါပို့၍ ခုခံနေသည်။ ထို့အပြင် စစ်ကောင်စီသည် အမတ-၃၄၄မှ လက်နက်ကြီးများကို ကျုံပျော်မြို့ရှိ ခလရ(၃၆)သို့ ဇွန်လတွင် ပြောင်းရွှေ့ခဲ့သည်။

Public Service Announcement
” ၃၄၄ နားမှာ နေ့တိုင်းချနေတာ။ စစ်တပ်က သူလည်း နေရာရွှေ့နေသလို့ ထွက်ပြေးသူတွေလည်းရှိနေတာ။ အခု ထွက်ပြေးလာတာလည်း စစ်သားစုဆောင်းခံရတဲ့ ငါးယောက်လို့ သိရတယ်။ တစ်ယောက်သေဆုံးတာအတည်ပြုနိုင်ပြီး ကျန်တာ မသိရသေးဘူးဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၈ရက်ညက အသုတ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဆက်သွယ်၍ ရွာသို့ လူအဝင်အထွက်စာရင်းများပေးပို့ရန်၊ ဧည့်စာရင်းစစ်ရန် ပြောခဲ့ကြောင်း သတင်းရရှိသည်။
ရေကြည်မြို့နှင့်ဆက်စပ်သောငါးသိုင်းချောင်းမြို့နယ်တွင် ၂၀၂၅ နှစ်စပိုင်းကလည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၇ဦးထွက်ပြေးခဲ့ပြီး စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ဖူးသည်။
စစ်သားအရေအတွက်လိုအပ်နေသည့် စစ်ကောင်စီအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြု၍ လူငယ်များအား စစ်ထဲဝင်ရန် ဧရာဝတီတိုင်းမှ စစ်ကောင်စီလက်အောက်ခံများကစည်းရုံးခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်နေသည်။
စစ်ကောင်စီခန့်ဧရာဝတီတိုင်းဝန်ကြီးချုပ်ကလည်း ဒေသတွင်းမြို့နယ်များသို့ မကြာခဏလာရောက်ပြီး ဒေသခံများစစ်မှုထမ်းရန် စည်းရုံးသိမ်းသွင်းသည်။စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်း ၎င်း၏ဇာတိ ပန်းတနော်မြို့တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများအား ဖိအားပေးနေသောကြောင့်မြို့ခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၂၄ ဒီဇင်ဘာလ၂၇ရက်က ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများကို စည်းရုံးရေးဆင်းခဲ့ဖူးသည်။
စစ်ကောင်စီနှင့်AA ပူးပေါင်းတပ်များသည် လက်ရှ်ိတွင် ဧရာဝတီတိုင်းအတွင်း ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့၌တိုက်ပွဲများဖြစ်နေသည်။
အမတ (၃၄၄)တပ်စခန်းနှင့်ရေကြည်မြို့နယ်၊လေးမျက်နှာမြို့နယ်တို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေစဥ်စစ်ကောင်စီက ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာ အိမ်ခြေအဆောက်အအုံနှင့် အရပ်သားပြည်သူလူထုအား လေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး (မီးလောင်ဗုံး) များဖြင့် ပစ်ခတ်တိုက်ခိုက်ကာစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းအမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီ PDFက သတိပေးထားသည်။ လေးမျက်နှာမြို့နယ်အတွင်း မေလ ၁၅ရက်မှ ဇွန်လ ၃၀ရက်အတွင်း စစ်ကောင်စီ၏ပစ်ခတ်မှုများကြောင့် အရပ်သားကိုးဦးသေဆုံးပြီးည၂၅ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီ PDFက ထုတ်ပြန်ထားသည်။
