close
Connect with us

Hi, what are you looking for?

သတင်း

တမူးခရိုင်ပကဖရဲဘော် ၁၀ ဦး သတ်ဖြတ်ခံရမှု အိန္ဒိယဘက်က မဖြေရှင်းပေးသေး

တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ ဦးအား အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် တစ်လခွဲကြာလာသည်အထိ အမှုမှန်ပေါ်ပေါက်ရေးအတွက် အန္ဒိယဖက်ကဖြေရှင်းခြင်းမရှိသေးသလို လျော်ကြေးလည်း မပေးသေးပေ။

မိသားစုဝင်များကအမှုမှန်​ပေါ်​ပေါက်​ရေး ဆန္ဒပြ​​ခဲ့စဥ်။ဓါတ်ပုံ-CJ ၊NUG

ဇူလိုင်-၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ ဦးအား အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် တစ်လခွဲကြာလာသည်အထိ အမှုမှန်ပေါ်ပေါက်ရေးအတွက် အန္ဒိယဖက်ကဖြေရှင်းခြင်းမရှိသေးသလို လျော်ကြေးလည်း မပေးသေးပေ။

“အိန္ဒိယဘက်ကလျော်ကြေးလည်းမရ‌သေးပါဘူး။ ဒါ့အပြင်ဖြေရှင်းချက်မရတော့ မိသားစုဝင်တွေ စိတ်မကောင်းဖြစ်ကြတာပေါ့။ဒါကြီးက လက်လွတစပယ်အသတ်ခံရတာလေ။ ဒီတိုင်း တာဝန်မခံဘဲ ပြီးသွားမှာ မလိုလားကြဘူး”ဟုတမူးမြို့ခံတဦးကပြောသည်။

သေဆုံးသူများ၏ မိသားဝင်များအား အမျိုးသားညီညွတ်​ရေးအစိုးရ-NUG အစိုးရ၏ အစီအစဉ်ဖြင့် တစ်ဦးလျှင်ထောက်ပံ့ငွေ ၁၅ သိန်းစီပေးအပ်ထားကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မေလ ၁၄ရက်နေ့ ကတမူးမြို့နယ်နဲ့ထိစပ်နေသော မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးတစ်နေရာတွင် တမူးခရိုင် ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော်ဆယ်ဦးကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့များက စီးနင်းဖမ်းဆီး၍ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ထိုဖြစ်စဉ်အတွက် ကနဦးမြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ရက်ညတွင် ထုတ်ပြန်ထားသည်။

အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်၊ နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီးနစ်နာသူမိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊ နောင်တွင်အလားတူကိစ္စများမဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန် NUG က တောင်းဆိုထားသည်။

NUG က​တောင်းဆိုမှုအ​ပေါ် အိန္ဒိယအစိုးရက တုံ့ပြန်မှု ရှိ ၊မရှိ ကို People’s Spring က NUG သို့ဆက်သွယ်​မေးမြန်းထားဆဲဖြစ်သည်။

အဆိုပါအမှုကိုစစ်ဆေးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန်၊အမှုမှန်ပေါ်အောင်စုံစမ်းဖော်ထုတ်ပေးရန်ဒေသခံအချို့နှင့် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များက မေလ ၂၆ရက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဖြစ်စဥ်သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်၊ တမူးခရိုင်၊ကမ္မကြီးကျေးရွာအနီးမြန်မာပြည်ဘက်အခြမ်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေသောတမူးခရိုင်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော် ၁၀ ဦးသည် မေလ ၁၄ရက်၌ စခန်းမှ ပျောက်ဆုံးသွားပြီးနောက် အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်)ကမေလ ၁၆ရက်၌ ရုပ်အလောင်း (၁၀) လောင်းအနေဖြင့်ညှိနှိုင်းတောင်းဆိုမှုလက်ခံရရှိခဲ့သည်ဟုNUGက ထုတ်ပြန်ထားသည်။

အိန္ဒိယဘက်ကသတင်းထုတ်ပြန်ရာတွင်မေလ ၁၄ ရက်တွင် အိန္ဒိယ-မြန် မာနယ်စပ် ချန်ဒယ်ခရိုင်၊ ခင်ဂျွိုင်းမြို့နယ်၊ နယူးဆမ်တဲလ်ကျေးရွာအနီး၌ အိန္ဒိယတပ်မတော်၊အရှေ့ပိုင်းစစ်ဌာနချုပ်၊အာသံပြည်နယ်၊ အာသံရိုင်ဖယ်တပ်ဖွဲ့ကဦးဆောင်ပြီး စစ်ဆင်ရေးပြုလုပ်စဉ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၁၀ ဦးကို သုတ်သင်ရှင်းလင်းကာလက်နက်ခုနစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းEastern Command Indian Army က မေလ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

မြေပြင်အခြေအနေ စစ်ဆေးမှုများ၊ အစီရင်ခံစာ တွေ့ရှိချက်များ၊ ဆွေးနွေးတွေ့ရှိချက် များအရ ဖြစ်စဉ်အမှန်သည် အိန္ဒိယနိုင်ငံမီဒီယာများမှ ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေပြီး တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးရဲဘော် (၁၀) ဦးမှာအိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးကျဆုံးခြင်းမဟုတ်ဘဲ ယာယီစခန်းရွှေ့ပြောင်းမှုအား သတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင် Assam Rifles ( တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ် ပြည်နယ်)၏ အကြောင်းပြချက်မခိုင်လုံစွာဖြင့် ဖမ်းဆီးခေါ်ဆောင်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံရသည်ဟု သုံးသပ်တွေ့ရှိသည်ဟု NUG၏ထုတ်ပြန်ချက်တွင်​ဖောိပြထားသည်။

အိန္ဒိယအစိုးရသည် တမူးမြို့နယ်နှင့် နယ်စပ်ခြံစည်းရိုးကိုကာနေပြီး မြန်မာနိုင်ငံပိုင်နက်ဖက်သို့ တိုးကာနေ၍ တမူးခရိုင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များက ကန့်ကွက်တားဆီးမှုများလည်းရှိခဲ့သည်။ နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားရန်လည်း NUG က တောင်းဆိုထားသည်။

အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက်ဆံရေးကိုအရှည်ရှေးရှုလျက်နယ်စပ်ဒေသကိစ္စရပ်များတွင်အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း NUGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ဆေးဝါးစက်ရုံ တစ်ခုမှာ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ပွားရာက သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဗြိတိန် ရေတပ်ပိုင် F-35 တိုက်လေယာဉ်ဟာ လက်ရှိ အချိန်ထိ အိန္ဒိယကနေ မထွက်ခွာနိုင်သေးဘဲ ဖြစ်နေပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ခရီးသည်တင်လေယာဉ် ပျက်ကျမှုမှာ ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ၂၄၁ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ၊ နောက်ဆက်တွဲ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။