ဇွန်၁၈၊၂၀၂၅၊ရှိန်း/People Spring
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။
ဇွန်လ၁၆ရက် နေ့ညနေပိုင်းကနေ ဇွန် ၁၇ရက်နေ့ အထိ မတ္တရာမြို့နယ်အရှေ့ခြမ်းက ထန်းပင်ကုန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
“စစ်တပ်ကလက်နက်ကြီးတွေ ၊ဟောင်ဝစ်ဇာတွေနဲ့ ဆက်တိုက်ပစ်တယ်။နေ့ရော၊ညရောနှစ်ဖက် တိုက်ပွဲဖြစ်တယ်။လေယာဉ်ကလည်း ဆက်တိုက်ကို ကြဲနေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
မတ္တရာမြို့နယ်အရှေ့ခြမ်းကထန်းပင်ကုန်းရွာအနီးကို ဇွန်လ၁၇ ရက် နေ့ ၊ညနေ ၃နာရီ လောက်မှာ စစ်တပ်က၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၇ ရက် ည၁၂နာရီ ကျော်မှာလည်း ထန်းပင်ကုန်းရွာအနီးကို တံတားဦး လေတပ်က နေဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင်ပတ်လည်အင်း ကျေးရွာအနီးက တာယာစက်ရုံကိုလည်း ဇွန်၁၇ ရက်ည၁၂နာရီ၄၀မိနစ်မှာ တံတားဦး လေတပ်က နေဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ တာယာစက်ရုံ မီးလောင်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်းကို ထိုးစစ်ဆင်ပြီးပြန်လည် သိမ်းယူထိန်းချုပ်ဖို့ကြိုးစား နေတာဖြစ်ပါတယ်။
“စစ်တပ်က လက်ရှိ ကျောက်တံတားရွာကို တော့ သူတို့စိုးမိုးနိုင်သွားပြီ။မြကန်သာကိုအထိုင်ချပြီး ထိုးစစ်ဆက်တိုက်ဆင် နေတယ်။ ကြားကထန်းပင်ကုန်းက ဟိုဘက်ဒီဘက် ပြန်ထိန်း နေကြတဲ့အခြေအနေပဲ။အယ်ဖာ၊ဖယောင်း တောင်နဲ့ ထန်းပင်ကုန်း ဒီသုံး နေရာက တော့ တိုက်ပွဲမပျက်ဘူးလို့ ပြောရမယ်”လို့ ဒေသခံတဦး ကပြောပါတယ်။ စစ်တပ်က ကျောက်တံခါးရွာကို စိုးမိုးနိုင်ပြီဆိုတဲ့ အချက်အလက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မတ္တရာမြို့နယ်အရှေ့ခြမ်းကို ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်း စစ်ဆင်ရေးမှာ စစ်စခန်းနဲ့ ရဲစခန်း ၄၀ ကျော်ကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ စစ်တပ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ မတ္တရာမြို့နယ် အနောက်ပိုင်းကကျေးရွာတွေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အရှေ့ပိုင်းကို ထိုးစစ်ဆင် သိမ်းယူဖို့ ကြိုးစားနေတာဖြစ်ပါတယ် ။
