ဇွန်-၅၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာလို့ သိန်း ၅၀ စီ ဆုချီးမြှင့်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကိုအာကူးက ပြောပါတယ်။

မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပျူစောထီး(ပြည်သူ့စစ်)နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ အလင်းဝင်ချင်လို့ ဆက်သွယ်လာတဲ့အတွက် ဧပြီနဲ့ မေလအတွင်းက သွားရောက်ခေါ်ယူပေးခဲ့ကြောင်း ကိုအာကူးက ရှင်းပြပါတယ်။
အလင်းဝင်လာတဲ့ စစ်အုပ်စုဝင်သုံးဦးဟာ သူတို့ကိုင်ဆောင်တဲ့ MA1၊ G3 နဲ့ MA13 လက်နက်တွေကို အပ်တဲ့အတွက် တစ်ဦးကို ကျပ် သိန်း ၅၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီသုံးဦးဟာ ရန်ကုန်၊ ပုသိမ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီး နှစ်ဦးက တော်လှန်ရေးထဲ ဆက်လက်ပါဝင်သွားမယ်လို့ သိရပါတယ်။
အလင်းဝင်လိုသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စကားတွေကို နားမယောင်ဘဲ စိတ်ချလက်ချနဲ့ လာရောက်ဆက်သွယ်နိုင်ပြီး သွားလိုရာ ပို့ဆောင်ပေးမယ်လို့ ကိုအာကူးက ထပ်လောင်းပြောကြားပါတယ်။
“ယုံယုံကြည်ကြည်နဲ့ မှန်မှန်ကန်ကန်နဲ့သာ ချိတ်ဆက်ပေး။ ကျနော်တို့ ဘယ်နေရာဖြစ်ဖြစ် လာခေါ်မယ်။”လို့ ကိုအာကူးက ပြောပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ အရင်ကတည်းက အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ရှိကြောင်း သိရပါတယ်။
