မေ-၃၀၊၂၀၂၅။ကဖေး/People’s Spring
စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် ကချင်အထူးဒေသ (၁)ကိုလည်း ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ်အများအပြားဖြင့် စစ်ကြောင်းထိုးရန်စီစဥ်နေသည်။
စစ်ကောင်စီ တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်အင်အား ၅၀ဝနီးပါးသည် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာအနီးသို့ ရောက်နေပြီး KIA နှင့် ထိပ်တိုက်ရင်ဆိုင်ထားသည့်အခြေအနေဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“နေ့တိုင်းတင့်ကားနဲ့လှမ်းပစ်ပြီးရှေ့ကိုတိုးနေတယ်။KIA ၊PDF ကစောင့်ပစ်တယ်။စစ်တပ်စစ်ကြောင်းက တဖြည်းဖြည်းချင်း တိုးနေတဲ့အနေအထား” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်က ထိန်းချုပ်ထားသော ကချင်အထူးဒေသ (၁) နယ်မြေတွင်ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ကန်ပိုင်တီမြို့တို့ပါဝင်ပြီး KIAနှင့် မဟာမိတ်များ က ၂၀၂၄ နှစ်ကုန်ပိုင်းအပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ကချင်အထူးဒေသ (၁) သတ်မှတ်ချက်ကိုတရားဝင်ဖျက်သိမ်းကြောင်း KIO ကကြေညာခဲ့သည်။
KIA နှင့် မဟာမိတ်များထိုးစစ်ဆင်ရာဦးဇခုန်တိန့်ယိန်းနှင့်မိသားစုသည် ထွက်ပြေးသွားခဲ့သည်။ လက်ရှိတွင် နေပြည်တော်၌ ရှိနေကြောင်းသတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍မရသေးပေ။
စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကိုလည်းဖျက်သိမ်းလိုက်ကြောင်းနှင့်ရင်းနှီးမြုပ်နှံသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ၂၀၂၄ နိုဝင်ဘာ ၂၈ ရက်တွင် KIAကဖိတ်ခေါ်ခဲ့သည်။
အဆိုပါဒေသများတွင် တရုတ်နိုင်ငံကအဓိကမက်မောသော တန်ဖိုးကြီး မြေရှားသတ္တုအဓိကထွက်ပြီး ဒေသတွင်း သတ္တုထုတ်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးပိုင်းကို KIAက စီမံခန့်ခွဲနေသည်။
ထိုဒေသကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီက ဦးဇခုန်တိန့်ယိန်း၏သား ဇခုန်ယိန်းဆောင်ဦးဆောင်သည့် ပြည်သူ့စစ်များကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းစစ်ဌာနချုပ်၌ လပေါင်းများစွာကြာအောင် စစ်သင်တန်းပေးခဲ့သည်ဟု သတင်းရရှိသည်။
NDA-Kနှင့်နီးစပ်သူတစ်ဦးက ဇခုန်ယိန်းဆောင်ဦးဆောင်သည့် ပြည်သူ့စစ်များသည် KIAကို ပြန်လည်တိုက်ခိုက်မည်ကို သိရှိထားသည်ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းများ ကြားသိထားပြီး လက်ရှိတွင် ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းနေသည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောသည်။
လက်ရှိ စစ်ကောင်စီစစ်ကြောင်းရောက်နေသည့် ဝိုင်းမော်မြို့နယ်သည်ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ ကန်ပိုင်တီမြို့တို့နှင့်ဆက်စပ်နေပြီး တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည်။
စစ်ကောင်စီသည် လပေါင်းများစွာလက်လွှတ်ထားရသည့်ဖားကန့်ကျောက်စိမ်းဒေသကိုလည်း စစ်ကြောင်းထိုးရန် ပြီးခဲ့သည့် ဧပြီလမှစ၍ ကြိုးပမ်းခဲ့သည်။ စစ်ကောင်စီ၊ ရှမ်းနီ(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည်မေလ ၂၇ရက်တွင် လုံးခင်းဒေသကို ရောက်လာပြီးမေလ ၃၀ရက်၌ ဖားကန့်သို့ရောက်ရှိနေသည်။
ဖားကန့်သို့မရောက်မီမေလ ၂၈ရက်တွင် KIA၊PDF ကတိုက်ခိုက်ခဲ့သည်။ ဆက်လက်တိုက်ခိုက်ပါက လုံးခင်းဒေသအား လေကြောင်းမှ ဗုံးကြဲပြီး မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ကာ ဖားကန့်သို့ဆက်ထွက်ခဲ့ခြင်းဖြစ်သည်။
