■“သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” – Spring Warriors Column တာဝန်ရှိသူ
ဇွန်-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်ခဲယမ်းများနှင့်အတူ Spring Warriors Column ထံ အလင်းဝင်လာကြောင်း အဆိုပါ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာသို စစ်ကြောင်းထိုးလာသော ခမရ (၅၈၄)မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကောင်စီတပ်သား (၃)ဦးသည် မေလ (၁၆)ရက်နေ့တွင် MA 1 တစ်လက် ၊ MA3 နှစ်လက် ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်ဟု ဖော်ပြသည်။

Public Service Announcement
အလင်းဝင်လာသော စကစ တပ်သားများမှာ စစ်ကောင်စီ၏ မတရားစစ်မှူထမ်းရန် ပေါ်တာဆွဲခေါ်ဆောင်ခံရသော လူငယ်များဖြစ်ပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ဆုငွေ ပေးအပ်ခဲ့ဟု Spring Warriors Column က ထုတ်ပြန်သည်။
“စစ်ကောင်စီရဲ့ လက်ကျန်တပ်သားတွေ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ ပြောချင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားဟောင်းတွေက အခု ပေါ်တာ ဆွဲပြီး အတင်းအဓမ္မ စေခိုင်းထားတဲ့ ပစတွေကို အချင်းချင်း ခွဲခြားပြီးဖိနှိပ်နှိပ်စက်တာတွေရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီဆီမှာ အသက်ကို အလဟသ အဖြစ်ခံမယ့်အစား ပြည်သူ့ရင်ခွင် ခိုလှုံကြပါလို့ ပြောချင်ပါတယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူ့ သွေးသား၊ ပြည်သူ့ဘက်တော်သားများ ဖြစ်သကဲ့သို့ စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်း ခိုင်းစေခံရသည့် တပ်သားများသည်လည်း ပြည်သူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်ကောင်စီက ဘယ်လိုပုံစံမျိုးလုပ်လဲဆိုတော့ ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ပုံစံမျိုး သူတို့တွေက ဖန်တီးနေတာ။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ တပ်သားသစ်တွေပေါ့လေ သူတို့ဟာ တကယ်တန်းပြောရရင် သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ အောက်ခြေရဲဘော်များ အထူးသဖြင့် တပ်သားသစ်များ၏ အသက်ကို မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်များက ဂရုစိုက်ခြင်းမရှိဟု ပြောသည်။
“အဲဒီတော့ မင်းအောင်လှိုင်အတွက် စစ်အာဏာရှင်အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အသက်ကို အကြောင်းမဲ့ မစွန့်လွှတ်ဖို့ ၊ ပြည်သူ့ ရင်ခွင်ခိုလှုံပြီးတော့ ပြည်သူတွေနဲ့တသွေးတည်း တသားတည်း ရပ်တည်ဖို့ကြိုးစားကြပါ ကျနော်အဲဒီလိုပဲ တိုက်တွန်းချင်တယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီမှ မတရားစစ်မှုထမ်းရန်ခေါ်ဆောင်ခံရသော လူငယ်များနှင့် မတရားစစ်ကောင်စီလက်ပါးစေဘဝမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံချင်ပါက မိမိတို့တာဝန်ကျရာနှင့် နီးစပ်ရာတပ်ရင်း၊ စစ်ကြောင်း သို့မဟုတ် Spring Warriors Column တပ်ရင်း page messenger သို့ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်းလည်း အသိပေးထားသည်။
Spring Warriors Column တပ်ရင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း-၁(တပ်ရင်း -၇၀၀၁) ဖြစ်သည်။
