စစ်တပ်လေကြောင်းပစ်ကူစစ်သားများအပေါ် ဗုံးမှားကြဲ၍သေဆုံးခဲ့ဟုKNUသတင်းရင်းမြစ်ပြော
ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေရှိသေ့ဘောဘိုး စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ကျော်သေဆုံးကာ ၇၀ ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
KNU ပူးပေါင်းတပ်များသည် မြန်မာ-ထိုင်းနယ်စပ်တကြောရှိ စစ်ကောင်စီတပ်စခန်းများကိုဆက်တိုက်သိမ်းပိုက်လျက်ရှိရာဇွန်လ ၃ ရက်တွင် သေ့ဘောဘိုးစခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ် လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပေါ် ပြန်လည် ကြဲချမိ၍သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟုလည်း အထက်ပါသတင်းရင်းမြစ်ကပြောသည်။
“သူတို့အချင်းချင်း ပြန်ကြဲမိတာတော့ရှိမှာပေါ့။ သူတို့လည်းထိ ကိုယ့်လူလည်းထိမှာပေါ့ အနည်းအကျဉ်းတော့။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ထိုင်းနယ်စပ်တိုက်ပွဲများကိုစောင့်ကြည့်၍သတင်းများတင်ပေးနေသောထိုင်းနယ်စပ်သတင်းရင်းမြစ်ကလည်း စစ်တပ်က YAK 130 ၊ Y-12 လေယာဥ်များဖြင့် သေဘောဘိုးစခန်းမကျအောင်ပစ်ကူပေးခဲ့ရာ ဗုံးမှားကြဲမိမှုမှာ စစ်သားများကိုပိုအထိနာစေခဲ့ကြောင်းရေးသားထားသည်။ ထိုင်းစစ်တပ်ကနယ်စပ်တွင်လုံခြုံရေးမြှင့်၍ အခြေအနေကိုအနီးကပ်စောင့်ကြည့်နေသည်။
စခန်းသိမ်းစစ်ဆင်ရေးကိုဇွန်လ ၃ ရက် မနက် ၉နာရီတွင် စတင်ခဲ့ရာ ညနေ ၆နာရီတွင် အပြီးသတ် သိမ်းနိုင်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ဦး အလင်းဝင်ခဲ့ပြီး စခန်းကုန်းပေါ်မှာ၌ သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး ရှိသည်ဟုသိရသည်။
“လက်နက်ချတာ ၇၀ ကျော်ပေါ့။လက်နက်ခဲယမ်းတွေ အများကြီးရတယ်။ အဲဒီ လက်နက်ချတဲ့သူတွေကတော့ သူတို့ကို ပြန်မောင်းထုတ်လိုက်ပြီ။ ထိုင်းဘက်ကို ပို့လာပြီးတော့ မြ၀တီပြန်ပို့လည်း ပို့ပေါ့။ဒီဘက်ထားရင်လည်းနိုင်ငံတကာကြည့်ရှုစောင့်ရှောက်တဲ့အဖွဲ့အစည်းက ဘာမှလည်း မရှိတဲ့အခါကျတော့လည်း ဟိုမှာလည်းမထားတော့ဘူးလေ။ ဟိုမှာ ထားထားတာလည်း ရာကျော်ရှိနေပြီ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
လက်နက်ချ စစ်ကောင်စီတပ်သားများထိုင်းဘက် ရောက်ရှိပြီးထိုင်းကစစ်ကောင်စီ၏မြ၀တီ အခြေစိုက် ခလရ(၂၇၅)သို့ ပြန်ပို့သည့် အခြေအနေများအပေါ်လည်းKNUက တွက်ဆထားပြီးဖြစ်ကြောင်း KNU တပ်မှူးများ၏ သဘောထားကိုလည်း၎င်းက ရှင်းပြသည်။
“တကယ်လို့ မင်းတို့ မင်းတို့နေရာပြန်၊ မင်းတို့ တပ်တည်တဲ့နေရာပြန် ။ မင်းတို့ တကယ်လို့ မကျေနပ်ရင် တခါထပ်ချပေါ့။ မြ၀တီမှာလည်း တခါပြန်ဆုံမှာပေါ့နော။၂၇၅ ပေါ့ တခါပြန်ဆုံကြရမှာပေါ့ မင်းတို့ မကျေနပ်ရင် “ ဟု KNU သတင်းရင်းမြစ်က အဖွဲ့တပ်မှူးများက လက်နက်ချသူများအား ပြောဆိုမှုကို ပြန်ပြောပြသည်။
သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းသည် ယခင်က KNU တပ်မဟာ(၆)၏ အဓိက အရေးပါသည့် ဝင်ငွေလမ်းကြောင်းဂိတ်တခုဖြစ်ပြီး ၁၉၉၀ ကျော်တွင်စစ်ကောင်စီကသိမ်းပိုက်သွားခြင်းဖြစ်သည်။
KNLA ၊PDF နှင့်ပူးပေါင်းတပ်များက ၂၀၂၂ ခုနှစ်တွင် မေလတွင်သိမ်းပိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်ကအင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တော်လှန်ရေးတပ်များပြန်ဆုတ်ပေးခဲ့ရခြင်းဖြစ်ပြီး ၃ နှစ်အကြာတွင် ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နယ်စပ်တခုလုံးနီးပါး ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်၍ ဒေသခံလူထုများ ပိုလွတ်လပ်သွားဟု ပြောပြသည်။
“လက်နက်ကိုင် ရန်သူက မရှိတော့ဘူး။ ရန်သူမရှိတဲ့အခါကျတော့ တဖွဲ့ပဲရှိတဲ့အခါကျတော့ ကျနော်တို့ဘာသာ ကျနော်တို့ အုပ်ချုပ်တဲ့အခါကျတော့ လူထုအတွက် ကောင်းလာတာပေါ့။ အဲဒီမှာ ကျန်တာကတော့ ထီးကလယ်ပယ်တို့ ဝေါ်လေတို့ ဥကရစ်ထာတို့။ နောက်တခုရှိသေးတယ်။ လေးခုပဲကျန်တယ်။ အဲဒီမှာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်သည် တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို မေလ တတိယပတ်တွင် အရှိန်မြှင့်ခဲ့ရာ မေလ ၂၃ရက်တွင် ဘလယ်ဒိုစခန်း၊ မေလ ၂၈ရက်တွင် ကနဲလေးစခန်း၊ မေလ ၂၉ရက်တွင် ရွှေအေးမြိုင်စခန်း၊ မေလ ၃၀ရက်တွင် ဘုရင့်နောင်စခန်းနှင့် မော်ခီးစခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့မတိုင်ခင် KNU တပ်မဟာ ၇ ရှိ နယ်စပ်မှစစ်တပ်စခန်းများကိုလည်း KNLA နှင့် ပူးပေါင်းတပ်များကဆက်တိုက်သိမ်းပိုက်ခဲ့သလို ၊တပ်မဟာ( ၄)တွင်လည်း နယ်စပ်မှ အရေးပါလှသော ထီးခီး နှင့် ထီးထ ဗျူဟာစခန်းတို့ကိုလည်းသိမ်းပိုက်ထားသည်။
စစ်ကောင်စီကမူ ကရင်ပြည်နယ်မှတိုက်ပွဲများနှင့် ပတ်သက်၍ တလုံးတပါဒမျှ သတင်းထုတ်ပြန်ခြင်းမရှိဘဲနှုတ်ဆိတ်နေသည် ။
