ဇွန်-၄၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အဖမ်းခံရတဲ့ မူးယစ်သမား ပြန်လွှတ်ဖို့ ဗိုလ်ကြီးကို ပြောပေးမယ်ဆိုပြီး သိန်း ၆၀ ကျော်ယူသွားတဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတဦးကို စစ်တပ်က ပြန်ဖမ်းကြောင်း မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းက ဝမ်းတွင်းမြို့နယ်၊ သဲတောရပ်မှာ မူးယစ်ဆေးသမားတဦး အဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီမူးယစ်ဆေးသမား ပြန်လွတ်ဖို့အတွက် ဗိုလ်ကြီးကိုပြောပေးမယ်ဆိုပြီး သဲတောအမှတ်၁၊ ကံဦးရပ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ညွှန့်ဆိုသူက မူးယစ်သမား မိသားစုဆီကနေ ၆၅ သိန်း တောင်းယူသွားတယ်လို့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။
ပိုက်ဆံယူသွားပေမဲ့ လူလွတ်မလာလို့ ကာယကံရှင်တွေက ဝမ်းတွင်းအထွေအထွေအုပ်ချုပ်ရေးမှူးကို သွားတိုင်ခဲ့တာကြောင့် ပိုက်ဆံယူသွားတဲ့ အုပ်ချုပ်ရေးမှူး ကျော်ညွှန့်ကို စစ်တပ်က မေလ နောက်ဆုံးပတ်က လာဖမ်းသွားတယ်လို့ အထက်ပါအဖွဲ့က ပြောပါတယ်။

Public Service Announcement
“ကျော်ညွှန့်ကတော်တော်ဆိုးတာ။ ညဆိုသူတို့ရပ်ကွပ်ထဲကလမ်းမမှာ စခတွေနဲ့ အတူတူလမ်းသွားလမ်းလာလူငယ်တွေကိုချောဆွဲတာ။”လို့ Voice Of Wundwin အဖွဲ့က ဆိုပါတယ်။
အုပ်ကြီး ကျော်ညွှန့်ကို ဝမ်းတွင်းထွေအုပ်ရုံးထဲမှာ ထိပ်တုံးခတ်ထားတယ်လို့လည်း မြင်တွေ့ခဲ့တဲ့မြို့ခံအချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၅)ရက်နေ့ကလည်း မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ ပျူခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပါသေးတယ်။
ဝမ်းတွင်းမြို့နယ်ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူငယ်အများအပြား မကြာခဏ ဖမ်းဆီးခံနေရပြီး ငလျင်ဘေးဒဏ်ကြောင့်လည်း ထိခိုက်သေဆုံးမှုနဲ့ နေအိမ် ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရပါသေးတယ်။
