ဇွန်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring
ကယန်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်အာဏာရှင်ကျဆုံးရေး အဆုံးတိုင် တိုက်ပွဲဝင်မည်ဟု ကယန်းအမျိုးသားတပ်မတော် KNA က ယနေ့ ထုတ်ပြန်သည်။
ဇွန်လ ၄ ရက်နေ့သည် ၆၁ နှစ်မြောက် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ဖြစ်ကာ ထိုနေ့အတွက် ကယန်းအမျိုးသားတပ်မတော်(KNA)မှ ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း အသိပေးထားသည်။

ကယန်းအမျိုးသားများသည် အေးချမ်းစွာနေထိုင်လိုကြသည့် လူမျိုးစုတစ်ခုဖြစ်ပြီး မိမိတို့အား မတရားဖိနှိပ်လာခဲ့ပါက ခေတ်အဆက်ဆက်တွင် ရဲ့ဝံ့စွာတော်လှန်တိုက်ပွဲဝင်ခဲ့သည့်လူမျိုးစုတစ်ခုဟု ဆိုသည်။

Public Service Announcement
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ၁၉၆၄ ခုနှစ် ဇွန်လ ၄ရက်တွင် မြန်မာပြည်သူတစ်ရပ်လုံးနှင့်အတူ ကယန်းအမျိုးသားများသည် မတရားဖိနှိပ်အုပ်စိုးနေသည့် စစ်အာဏာရှင်စနစ်ကို တော်လှန်သော သေနတ်သံသည် တိုးရာမှ ကျယ်လာပြီး အရှိန် အဟုန်မပြတ်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ကြောင်းဖော်ပြသည်။
ကယန်းအမျိုးသားအာဇာနည်သူရဲကောင်းများ ပေးအပ်ခဲ့သည့် တော်လှန်ရေးအမွေအနှစ်ကို ကယန်းအမျိုးသားလူငယ်များက ဆက်ခံရင်း စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ယနေ့တိုင်အသက်ပေးတိုက်ပွဲဝင်လျက်ရှိကြောင်း KNAက ပြောသည်။
ခေတ်အဆက်ဆက်တွင် ကယန်းအမျိုးသားများနှင့် အဖိနှိပ်ခံ လူမျိုးစုပေါင်းစုံအတွက်အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသည့် ကယန်းအမျိုးသားအာဇာနည်သူရဲကောင်းများကို ဦးညွတ်အလေးပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။
လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြားကယန်းဒေသများရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်များကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းကာ ကယန်းအမျိုးသားတပ်မတော်(KNA) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
လက်ရှိတွင် ကယန်းအမျိုးသားတပ်မတော်က ကာကွယ်ရေးတပ်ပေါင်းစုများနည်းတူ စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်းသိရသည်။
ကယန်းအမျိုးသားများ၏ မိခင်တော်လှန်ရေးပါတီဖြစ်သော ကယန်းပြည်သစ်ပါတီကလည်း ၆၁နှစ်မြောက် ကယန်း အမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ကို ကြိုဆိုသည့် ရုပ်သံမှတ်တမ်းထုတ်ပြန်ထားသည်။
“တော်လှန်ရဲတဲ့ ကယန်းပြည်သူလူထုသာမရှိရင် ကယန်းပြည်သစ်တပ်မတော်လည်းပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကယန်းပြည်သစ်တပ်မတော်ရဲ့ သစ္စာအဓိဌာန် ၅ ချက်မှာ နံပါတ်နှစ်အချက်အဖြစ် ‘ကယန်းအမျိုးသားလက်နက်ကိုင်တော် လှန်ရေး၏ သစ္စာတော်ကိုစောင့်သိရိုသေပါမည်’လို့ ထည့်သွင်းထားတာဖြစ်ပါတယ်”ဟု ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုက ပြောသည်။
သို့သော် ကယန်းပြည်သစ်ပါတီနှင့် တပ်မတော် KNLP/KNLA သည် ၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ ရက်ကစ၍ စစ်တပ်နှင့် အပစ်ခတ်ရပ်စဲခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
