ဇွန်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်မြှင့်တင်မှုကို ယခုနှစ် မိုးတွင်း၌ ပြုလုပ်မည်ဖြစ်၍ စစ်ကောင်စီကို အနိုင်ရရှိရေးအတွက် အားလုံး ပူးပေါင်းတိုက်ပွဲဝင်ကြရန် လိုအပ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးဆော်လမွန်က ပြောကြားသည်။
ဗိုလ်မှူးကြီးဆော်လမွန်နှင့် တွေ့ဆုံမှု ရုပ်သံကိုThe Zotung Post က ယမန်နေ့တွင် ဖော်ပြခဲ့ရာ ၂၀၂၅ မိုးကာလမှစ၍ စစ်ရေး ပိုမိုပြင်းထန်တော့မည်ဟု အသိပေးထားခြင်းဖြစ်သည်။
စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က ယခုနှစ်တွင် စစ်ရေးပိုမိုပြင်းထန်လာမည်ဟု အသိပေးထားသကဲ့သို့ CNF အပါအဝင် တိုင်းရင်းသားများကလည်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
“ဒီနှစ်မိုးတွင်းကနေ စပြီး ကျနော်တို့ရဲ့ စစ်အရှိန်က ပိုမြင့်လာလိမ့်မယ်လို့ အဲဒီလိုမျိုးပဲ ပြောချင်တယ်။ အားလုံးလည်း တက်တက်ကြွကြွ ပါဝင်ပေးကြပါ”ဟု ဗိုလ်မှူးကြီးဆော်လမွန်က ပြောသည်။
တတ်နိုင်သည့်နေရာမှ ပါဝင်ကြရန်၊ တိုင်းရင်းသား အားလုံး ပြည်သူအားလုံး စုစုစည်းစည်းဖြင့် ကျရာကဏ္ဍမှ တော်လှန်ရေးကို ကူညီကြရန် ၎င်းက တိုက်တွန်းသည်။
“အားလုံး ဒီနှစ်အတွင်းမှာတော့ အကုန်လုံး တပြည်လုံး တနိုင်ငံလုံး ချင်းနယ် တနယ်လုံးမှာ တက်တက်ကြွကြွနဲ့ ရန်သူကို ရန်သူလို မြင်ပြီးတော့ အားလုံး ပူးပေါင်းတိုက်ပွဲဝင်ရင်တော့ အနိုင်ဘက်ကိုသွားမှာပါလို့” ဟု ဗိုလ်မှူးကြီးဆော်လမွန်က ပြောသည်။ ယခုနှစ်တွင်အနိုင်ရအောင် အစီအစဉ်ဆွဲတိုက်ပွဲဝင်နေရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ချင်းသတင်းရင်းမြစ်တစ်ဦးကလည်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန် ၏ စစ်ရေး ပြင်ဆင်နေမှု အခြေအနေကို အသိပေးသည်။ CDF ထန်တလန် ပါဝင်သည့် ချင်းတော်လှန်ရေးတပ်များက ထန်တလန်မြို့သိမ်းတိုက်ပွဲ အပြီးသတ်ရန် ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။
“ပြင်ဆင်နေတယ်ပဲ ပြောတယ်။ အဲဒါကြောင့် တိုက်ပွဲတော့ မရှိသေးဘူး။ ပြင်ဆင်နေတယ်။ ထန်တလန် သိမ်းဖို့ ကြိုးစားနေတယ်။ ပြင်ဆင်နေတယ်။ လက်နက်ခဲယမ်း စုဆောင်းတာလားပေါ့ အဲဒီလိုမျိုးပဲ။ တိုက်ပွဲတော့ အခုလောလောဆယ်တော့ မရှိသေးဘူး” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းပြည်တွင် ချင်းအမျိုးသားတပ်မတော်(CNF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်များ စုပေါင်းထားသည့်ချင်းပြည်ကောင်စီ ပူးပေါင်းတပ်နှင့် ချင်းညီနောင် ဟူ၍ တော်လှန်ရေး အင်အားစု ၂ခုရှိပြီး နှစ်ဖွဲ့လုံးက ၂၀၂၅တွင် ချင်းပြည်တခုလုံး စစ်ကောင်စီ ကင်းစင်အောင် လုပ်ဆောင်သွားမည်ဟု အသိပေးပြောကြားထားသည်။
