မေ၁၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ရေးအရှိန်မြှင့်ရန် ပခုက္ကူခရိုင်အတွင်းရှိ Local တပ်ရင်းများပေါင်းစည်းပြီး အပတ်စဥ်(၁) သင်တန်းပြုလုပ်ခဲ့ကြောင်း Earthquake People’s Defence Forceက ယနေ့(မေ ၁ရက်) ထုတ်ပြန်သည်။
အဆိုပါ သင်တန်းကို Six Senses Guerrilla Force၊ Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokkuနှင့် Justice Revolution Force စသည့်အဖွဲ့ တပ်ဖွဲ့ငါးဖွဲ့မှ ရဲဘော် ၄၀တက်ရောက်ခဲ့သည်။
သင်တန်းတွင် စစ်ပညာသင်တန်းအပြင် နိုင်ငံရေး သင်ခန်းစာ၊ CoCနှစ်ရပ်(Chain Of Command & Code Of Conduct)၊ ပြည်သူ့စစ်မဟာဗျူဟာနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုစသည့် သင်ခန်းစာများကို ရက်ပေါင်း ၄၅ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
“ဒီသင်တန်းက ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ Local အဖွဲ့ ပထမအပတ်စဥ်မှာ ငါးဖွဲ့ပါပါတယ်။အဓိကကတော့ တပ်ရင်းတစ်ရင်းလို စစ်တပ်တစ်တပ်လိုဖြစ်ဖို့ ရည်ရွယ်တာပါ။နောက်ပြီး မြို့နယ်ထဲမှာ အလံတွေ တအားကွဲ ပြားနေတာ။အဖွဲအစည်းတွေတအားကွဲ ပြားနေတာ။တော်လှန်ရေးရှေ့ရောက်သင့်တာ မရောက်ဘဲနဲ့ ဒါတွေနဲ့ ပြဿနာတွေရှုပ်ထွေးနေတာ။မတူရာကို ဘေးဖယ်ပြီး တူရာကိုစု။အလံတစ်ရာဗိုလ်တစ်ရာ ပြဿနာမျိုးအဲဒီလိုမျိုးကို ဖယ်ရှားပြီး ရှေ့ကိုရောက် ဖို့အတွက် ပြန်ဖွဲ့စည်းရခြင်းဖြစ်ပါတယ်”ဟု Earthquake People’s Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ပခုက္ကူခရိုင် Local တပ်ရင်း ကိုဖွဲ့စည်းရခြင်းသည် ပခုက္ကူခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်ရန်နှင့် ပခုက္ကူခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့သည် တစုတစည်းတည်း ပေါင်းစည်းပြီး ပြည်သူအားကိုးရသည့် တပ်ရင်းတပ်ဖွဲ့တစ်ခုအဖြစ် ပေါင်းစည်းချီတက်နေပြီးပြောက်ကျားစစ် မှပုံမှန်စစ် ကူးပြောင်းရာတွင် တပ်ပုံစံကျရန် လိုအပ်သည့်အတွက် ဖွဲ့စည်းရခြင်းဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ပခုက္ကူခရိုင်အတွင်းရှိသည့် Local တပ်ဖွဲ့များနှင့် တခြားသော တော်လှန်ရေးအင်အားစုများအား ပူးပေါင်းပေးစေလိုခြင်းနှင့် ယခုချိန်တွင် ကွဲပြားနေရန်မသင့်ပဲ တစုတစည်းထဲအင်အားကောင်း သောတပ်ရင်းတခုဖြစ်ရန် ပူးပေါင်းပါဝင်စေလိုကြောင်းလည်း တိုက်တွန်းထားသည်။
“စစ်ကြောင်းတစ်ကြောင်းကို တိုက်တော့မယ်ဆို ဟိုအဖွဲ့က တစ်စိတ်လာ ဒီအဖွဲ့က တစ်စိတ်လာနဲ့ အဲဒီလိုမဖြစ်ချင်တော့ဘူး။တပ်ရင်းတစ်ရင်း လို တပ်တစ်တပ်လို ဖြစ်နေမှ အရွေ့တစ်ခုရောက်မယ်ဆိုတာ တိုက်ရင်း တိုက်ရင်း နဲ့နားလည်လာတယ်။အဲဒီတော့ တပ်ပုံစံ ဖြစ်ဖို့လိုအပ်လာတယ်။နောက်အပတ်စဥ်တွေမှာလည်း ပခုက္ကူခရိုင်အတွင်း မှာရှိတဲ့ အဖွဲ့တွေနဲ့လည်းစကားပြောထားတာရှိတယ်။နိုင်ငံရေး၊စစ်ရေးအတူတူတိုင်ပင်ပြီး ရှေ့ကိုသွားကြဖို့အတွက်ပဲ”ဟု ပခုက္ကူခရိုင် Local တပ်ရင်းတာဝန်ရှိသူကလည်း သင်တန်းဖြစ်ပေါ်လာရခြင်းကို ရှင်းပြသည်။
Local တပ်ရင်းများ ပေါင်းစည်းသည့် သင်တန်းဆင်းပွဲ သင်တန်းဆင်းပွဲကို ဧပြီ ၂၅ ရက်က ပခုက္ကူခရိုင်စိုးမိုးနယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊ပေါက် နှင့် မြိုင်မြို့နယ်များမှ မြို့နယ်၊ဇုန်၊ တိုက်နယ်၊ရပ်ကျေးများအနေဖြင့် စစ်ရေးကိစ္စရပ်များ အရဖြစ်စေ၊နယ်မြေအတွင်း အဖွဲ့အစည်းအချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည်ဆက်ဆံနိုင်ရေးနှင့် အပြန် အလှန်လိုအပ်ချက်များ ကူညီပံ့ပိုးနိုင်ရေး ကြိုးပမ်းမည်ဟု သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
