မြန်မာနဲ့ နယ်စပ်နားကို စစ်နယ်မြေအဖြစ် သတ်မှတ်ဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေတယ်ဆိုတဲ့ အိန္ဒိယ မီဒီယာတစ်ခုရဲ့ သတင်းဖော်ပြမှုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပယ်ချသွားခဲ့ပါတယ်။
အိန္ဒိယရဲ့ Northeast News သတင်းဌာနက ဘင်္ဂလားဒေ့ရှ်ဟာ ကော့စ်ဘဇားကနေ ဘန်ဒါဘန်ထိ ဧရိယာကို စစ်နယ်မြေ သတ်မှတ်သွားမှာ ဖြစ်တယ်လို့ ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့တာပါ။ ဘန်ဒ်ဘန် ကုန်းမြင့်ဒေသနဲ့ ကော့စ်ဘဇားတို့ဟာ မြန်မာဖက်ခြမ်းက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်ကတော့ အဲဒီလို သတင်းဖော်ပြမှုမျိုးဟာ နိုင်ငံရဲ့ ပြည်တွင်းရေး မတည်ငြိမ်အောင်၊ စစ်တပ်အပေါ် အထင်အမြင် လွဲစရာတွေ ဖြစ်လာအောင် အိန္ဒိယ မီဒီယာတွေက ရည်ရွယ်ချက်ရှိရှိ ကြံဆောင်ပြီး သတင်းမှားတွေ ဖြန့်ဝေနေတယ်ဆိုတဲ့ အထင်ရှားဆုံး ဥပမာ တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က Northeast Newsရဲ့ သတင်းဖော်ပြချက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဟာ ကော့စ်ဘဇားနဲ့ ဘန်ဒန်ဘန်ကြားက ကျယ်ပြန့်လှတဲ့ ဧရိယာကို စစ်ဆင်ရေး ဇုန်နယ်မြေ (MOZ)တစ်ခုအဖြစ် ကြေညာလာနိုင်တယ်လို့ ပါရှိခဲ့ပါတယ်။

Public Service Announcement
အဲဒီလို ကြေညာလိုက်ခြင်းအားဖြင့် အာရက္ခတပ်တော် (AA)အတွက် ထောက်ပံ့ကူညီလိုတဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ ရည်ရွယ်ချက်တွေကို အဆင်ပြေ ချောမွေ့သွားစေရုံသာ မကဘဲ လက်ရှိ ကြုံနေတဲ့ နယ်စပ်လုံခြုံရေး စိန်ခေါ်မှုတွေကိုပါ ကိုင်တွယ်လာနိုင်မယ်လို့ သတင်းဌာနက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ ပြန်ကြားရေးကတော့ တရားဝင် အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခုကို ဘင်္ဂလားဒေ့ရှ်က ပံ့ပိုးကူညီသွားမယ် ဆိုတာဟာ အခြေအမြစ် မရှိတဲ့ စကားမျိုးလို့ တုံ့ပြန်သွားပါတယ်။ ဒီလို လုပ်ကြံ ဖန်တီးတဲ့ စကားတွေဟာ သတင်းအတတ်ပညာ မဟုတ်ကြောင်း၊ အပုပ်ချ ဝါဒဖြန့် လှုပ်ရှားမှု တစ်ခုရဲ့ အစိတ်အပိုင်းသာ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်က အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်လို့ အပေးအယူလုပ် ညှိနှိုင်းတယ် ဆိုတာမျိုးတွေက ဘယ်တော့မှ ရှိလာမှာ မဟုတ်သလို စစ်တပ် အနေနဲ့ ပရော်ဖက်ရှင်နယ် စံနှုန်းတွေကို အမြင့်ဆုံး ထားရှိပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေအပေါ် ဆက်လက် လေးစား စောင့်ရှောက်သွားမယ်လို့ ကြေညာထားပါတယ်။
ကိုးကား: BSS
