မေ ၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ကြို့ပင်ဆိပ် ကျေးရွာ၌ ယနေ့(မေလ ၃၀ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ကြို့ပင်ဆိပ်ကျေးရွာသည် ပြီးခဲ့သည့်ရက်က တိုက်ပွဲပြင်းထန်ခဲ့သော ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် (၁)မိုင်ခန့်ဝေးသည့် စပါးကြွယ်ရွာ အနောက်ဘက်၌ တည်ရှိသည်။
” လက်နက်ကြီးသံရော၊ အသေးသံတွေပါ ဆက်တိုက်ကြားနေရတာ။ ဟိုရက်တိုက်ပွဲတုန်းက ပိတ်မိနေတဲ့သူတွေလည်း ထွက်လာကြရတယ်။ ပြန်နေလို့ကို မဖြစ်နိုင်ဘူး”ဟု ကြို့ပင်ဆိပ်ရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၁မိုင်ခန့်မှ ၇မိုင်ခန့်ဝေးသော ကျေးရွာများတွင် မေလ ၂၃ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။
လက်ရှိတွင် စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာ၊ကြို့ပင်ဆိပ်ရွာ၊ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ ဘိုကုန်းနှင့် ငုံးမင်းကျေးရွာတို့မှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။
မေလ ၂၃ရက်က တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်သည် နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ် ရွာကို လေကြောင်းမှ တိုက်ခိုက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များကပြောသည်။
မေလ ၂၈ရက်ကလည်း တောင်ငူမြို့နယ်၊ ဒိုးနယ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူ၂ဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းအတွင်း တောင်ငူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီးကျောက်ကြီး၊ ရွှေကျင်၊ နတ္တလင်း၊ပေါင်းခေါင်း၊ အုတ်ဖိုနှင့် မင်းလှမြို့နယ်တို့တွင် လည်း စစ်ရေးတင်းမာနေကာ စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများကသီးခြား သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
