အာဏာသိမ်းစစ်အုပ်စုက အလုံးစုံဖျက်ဆီးခြင်း မဟာဗျူဟာကို ကျင့်သုံးနေပြီး အရပ်သားပစ်မှတ်များအား ခွဲခြားမှုမရှိဘဲ အကြမ်းဖက်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလမသဂ္ဂလုံခြုံရေးကောင်စီ၌ အသိပေးပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကျင်းပသည့် ပဋိပက္ခအတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် တံခါးဖွင့်အစည်းအဝေး၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ စစ်မက်ပြုခြင်းကို ရပ်တန့်ရန် မည်သည့်အခါကမျှ ဆန္ဒမရှိခဲ့ကြောင်းနှင့် ယင်းအစား အရပ်သားပြည်သူများအပေါ် ပြောင်းပြောင်းတင်းတင်းပင် စစ်မက်ပြုလျက်ရှိကြောင်း အစီရင်ခံသည်။
မြန်မာနိုင်ငံတွင် နေထိုင်ကြသူများအနေဖြင့် စစ်အုပ်စု၏ သတ်ဖြတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်း၊ အဓမ္မ စစ်သားစုဆောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအကျပ် ပျောက်ကွယ်စေခြင်း၊ ဥပဒေမဲ့ ကွပ်မျက်ခြင်းမှသည် လေကြောင်းတိုက်ခိုက်မှုများအထိ စသည်ဖြင့် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်နေ့တိုင်း အကြောက်တရားအောက်တွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောသည်။

Public Service Announcement
၂၀၂၁ ဖေဖော်ဝါရီတွင် မတရားအာဏာသိမ်းပြီးချိန်မှစတင်၍ အရပ်သားပြည်သူ ၆,၇၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီဖြစ်ပြီး အဆိုပါကိန်းဂဏန်းများမှာ အတည်ပြုထားပြီးသော ကိန်းဂဏန်းများဖြစ်ပြီး လက်တွေ့တွင် သေဆုံးသူဦးရေ ပို၍ များပြားနိုင်ကြောင်း သံအမတ်ကြီးက ကုလလုံခြုံရေးကောင်စီသို့ ပြောသည်။
ထိုသို့သော အခြေအနေများ၌ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးသူများအနေဖြင့် အလွန်အမင်း ထိရှလွယ်လာကာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ၏ဒဏ်ကို အဆိုးဆုံး ခါးစည်းခံနေရကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။
ထို့အပြင် မတ်လ ၂၈ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် လူပေါင်း ၃,၈၀၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်များ၊ စာသင်ကျောင်းများနှင့် အရေးပါသော အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့ကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခြင်း သို့တည်းမဟုတ် နေရပ်စွန့်ခွာခြင်းများ ဖြစ်ပေါ်ခဲ့သည်။
တစ်နိုင်ငံလုံး ဒုက္ခရောက်နေစဉ်တွင်ပင် စစ်အုပ်စုသည် ငလျင်ဘေးဒဏ်သင့် နေရာဒေသများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ခြင်းကို အကာအကွယ်ယူ၍ မြန်မာပြည်သူများကို ပိုမို သတ်ဖြတ်ခဲ့ကြောင်း မြန်မာသံအမတ်ကြီးက ရှင်းလင်းသည်။ ကုလသမဂ္ဂအနေဖြင့်လည်း အဆိုပါအခြေအနေကို ‘အလွန်အမင်း တရားလွန်၍ လက်ခံနိုင် ဖွယ် မရှိကြောင်း’ မှန်ကန်စွာ ထောက်ပြခဲ့သည်။
ကုလလုံခြုံရေးကောင်စီသည် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂)ဖြင့် ပြင်းထန်စွာ ရှုတ်ချထားပြီးဖြစ်သော်လည်း စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ ရက်စက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
ထို့ကြောင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် အရပ်သားပြည်သူများအား အကာအကွယ် ပေးရန် ပိုမို ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ရှိရန် လိုအပ်ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။
ဆက်လက်၍ အရပ်သားပြည်သူများအပေါ် စစ်မက်ပြုသူများအား တာဝန်ခံစေရမည်ဖြစ်ပြီး စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များအနေဖြင့် ကင်းလွတ်ခွင့် မရှိသင့်တော့ကြောင်း၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား အမေ့လျော့ခံ အကျပ်အတည်းတစ်ခု မဖြစ်စေရေး လုပ်ဆောင်ပေးရန် သံအမတ်ကြီးက အလေးအနက်တောင်းဆိုခဲ့သည်။
