မေ ၁၇၊၂၀၂၅။သတိုး/People’s Spring
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်ဆောင်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို အာရုံလွှဲနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဝါဒဖြန့်နေသည့် စစ်ကောင်စီခေါင်းဆောင်၏ သမီးနှင့် မိတ်ဖက်ကုမ္ပဏီများကို Boycott ပြုလုပ်ရန် Yangon 4 Brothers-ရန်ကုန် တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းလိုက်သည်။
“ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်သတင်းတွေကို အာရုံလွှဲနိုင်ဖို့အတွက် စစ်ခေါင်းဆောင်ရဲ့ သမီးခင်သီရိသက်မွန်တို့အုပ်စုက ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့် အာရုံလွှဲဖို့ကြိုးစားနေတာဖြစ်ပါတယ်။” ဟု ယင်းအဖွဲ့က အသိပေးထားသည်။
စစ်ကောင်စီခေါင်းဆောင်၏ သမီးခင်သီရိသက်မွန်သည် အာဏာမသိမ်းမီကာလက 7 Sense ထုတ်လုပ်ရေးကိုတည်ထောင်ကာ ရုပ်ရှင်ကားများ ထုတ်လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် ၎င်းတို့၏ ကုမ္ပဏီကို ပြည်သူများက Boycott ပြုလုပ်ခဲ့သောကြောင့် ထုတ်လုပ်ရေးနာမည်များပြောင်းလဲကာ ဇာတ်ကားများကို ရုံတင်ခြင်း ၊ ဇာတ်လမ်းတွဲထုတ်လွှင့်ခြင်းများကို ပြုလုပ်ခဲ့သည်။

Public Service Announcement
“ဖျော်ဖြေရေးကဏ္ဍတွေဟာ လူထုစိတ်ဝင်စားမှုရရှိနေသော်လည်း၊ နောက်ကွယ်မှာ လူသတ်သမား စစ်ခေါင်းဆောင် မိသားစုနဲ့ သူတို့အပေါင်းအပါတွေရဲ့ စီးပွားရေးအင်ပါယာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားဖို့လိုပါတယ်။ “ဟု ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က သတိပေးထားသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်မိသားစု နှင့် မိတ်ဖက်ကုမ္ပဏီများဖြစ်သည့် V7 Entertainment ၊ W Entertainment ၊ M Entertainment ၊ Hey Play ၊ Bebee TV ၊ Show Like စသည့် ပေ့ခ်ျများကို Boycott ပြုလုပ်သည့်အနေဖြင့် Unfollow ၊ Block ပြုလုပ်ရန် တိုက်တွန်းထားသည်။
“ဒီ Pageတွေကို ကြည့်ရှုခြင်း၊ Share လုပ်ခြင်း၊ Page Follow လုပ်ခြင်းတွေဟာ သာမာန်ဖျော်ဖြေရေးမဟုတ်ပဲ စစ်တပ်အကျိုးစီးပွား တိုးပွားအောင်မြင်စေနိုင်တဲ့ ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ” ဟု ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က ထောက်ပြထားသည်
