မေ ၁၀၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၀)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ မတရားစစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး ဒီကနေ့ ညနေပိုင်းက “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
လူထုအာဏာကိုတည်ဆောက်ပြီး စစ်ကောင်စီရဲ့ အာဏာအဆောက်အဦး ထောက်တိုင်တွေကို နိုင်ငံရေးအရ အန်တုဖြိုချတဲ့အနေနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီး လူငယ်နဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC
