မေ ၄၊ ၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်၌ သတ္တုတူးဖော်နေသည့် ကယန်းပြည်သစ်ပါတီဥက္ကဌ ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ကို ယနေ့ (မေလ ၄ရက်)တွင် တစ်နိုင်တစ်ပိုင်ကျင်ခွက်သမား အမျိုးသမီးများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
တစ်နိုင်တပိုင်သတ္တုတူးရာတွင် သုံးသည့်ကျင်ခွက်များကို ကိုင်ဆောင်ခဲ့ပြီး “ပရာဒေါင်းဆွေမျိုးစုနယ် မြေဒေသအတွင်း လက်နက်အားကိုးနယ်ချဲ့သမားများ အလိုမရှိ”၊ “ဘိုဘွားပိုင်မြေ ခိုးရောင်းခိုးဝယ်သူများအလိုမရှိ”၊ပြည်သူ့ထမင်းအိုးရိုက်ခွဲသည့် လေးပွင့်ကြယ်ကုမ္ပဏီအလိုမရှိ”ဟု စာတမ်းများဖြင့် ဆန္ဒပြခဲ့ကြသည်။
ကယန်းပြည်သစ်ပါတီ(KNLP) ဥက္ကဌဦးသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်လူမျိုးမစ္စတာဝမ်၏ ကုမ္ပဏီသိကျိတ်ကျေးရွာ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်နေခြင်းဖြစ်သည်။

Public Service Announcement
ဒေသခံပြည်သူလူထုနှင့် ဦးစွာညှိနှိုင်းမှုမရှိပဲ အကြီးစားခဲသတ္ထုတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံ လူငယ်နှင့် ပြည်သူများက သိကျိတ်ကျေးရွာအတွင်း ကျင်ခွက်သမားများ အမျိုးသမီးသပိတ်ဖြင့် ကန့်ကွက်ဆန္ဒပြခြင်းဟု ပရာဒေါင်းဆွေမျိုးစုက ဆိုသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းကြီးများကြောင့် ဒေသခံတစ်နိုင်တစ်ပိုင် အမျိုးသမီးများ၏ အခွင့်ရေးများထိခိုက်စေနိုင်ပြီး အမျိုးသမီးများသည် ခဲသတ္ထုများရှာဖွေရာတွင် ကျင်ခွက်များကိုသာ အသုံးပြုကြောင်း အသိပေးသည်။
ယနေ့ သပိတ်မတိုင်ခင်ကလည်း လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီထွက်ခွာသွားရန် သိကျိတ်ကျေးရွာ ဒေသခံပြည်သူများက မေလ ၁ရက်မှ ၃ရက်အထိ ဒေသတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
” ဌာနေအခွင့်အရေး၊ ဌာနေနယ်ခံ ၊ဒေသခံတွေ ကို အသိအမှတ်ပြု လေးစားတတ်ဖို့ ဒီအသံတွေ ပိုပြီး ကျယ်လောင်လာရတာပါ။ ဒီနေ့ထက် ပိုပြီး နောက်နေ့များဟာ ပြည်သူလူထုတွေရဲ့ အသံနဲ့ ခံစားချက်တွေက မတရားသူတွေကို ခြောက်လှန့် စေလိမ့်မယ်” သိကျိတ်ကျေးရွာခံတစ်ဦးက ပြောသည်။
မြင်းမထိတောင်ဒေသတွင် သတ္တုတူးဖော်မည့်လုပ်ရပ်များကို အပြီးပိုင်ဆုတ်ခွာ ရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုက ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၁မှစတင်ခဲ့သော နွေဦးတော်လှန်ရေး မပြီးမချင်း ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း အကြီးစား သတ္ထုတူးဖော်မည့် မည်သည့်ကုမ္ပဏီများကိုမဆို ပရာဒေါင်းဆွေမျိုးစုမှ လုံးဝခွင့်မပြု ကြောင်းလည်း ကြေညာခဲ့သည်။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခု ဖြစ်ပြီး ပရာဒေါင်းဆွေမျိုးစုရှိသည့်မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP၏ ထိန်းချုပ်နယ်မြေအတွင်းရှိနေသည်။
အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ကျော်ရှိသည့် စခန်းကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ်ရွေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်းဆွေမျိုးစုက အသိပေးထားသည်။
(သိကျိတ်ကျေးရွာအတွင်း ကျင်ခွက်သမားများအမျိုးသမီးသပိတ်ဖြင့် ကန့်ကွက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ − ပရာဒေါင်း ဆွေမျိုးစု)
