မေ ၁၀၊၂၀၂၅။မေ/People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ဇရပ်ကွင်းကျေးရွာက ကားဝပ်ရှော့အနီးကို စစ်ကောင်စီက ဒီနေ့ (မေ၁၀ရက်) နေ့လည်၁နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ လေယာဉ်ကပဲ ၁နာရီ၁၅မိနစ်မှာ စဉ့်ကူးမြို့နယ်၊ကျည်ထောက်ပေါက်ကျေးရွာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူ တွေများပြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ရွာလည် လမ်းမကြီး အဓိကနေရာကိုကြဲသွားတာ။ဈေးရှိတယ်လေ။အခုဈေးတွေလည်းအကုန်ပိတ်သွားပြီ။ဒဏ်ရာရတဲ့သူတွေရော၊သေတဲ့သူတွေရော မြင် မကောင်းဘူးတဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီကျေးရွာနှစ်ရွာဟာ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အစပ် နေရာမှာရှိပြီး ကျေးရွာချင်းလည်း နီးကပ်တဲ့ရွာ တွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေလုပ်ကွက်တွေလည်းရှိပြီး အများစုက ရွှေလုပ်ငန်းလုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊အနိမ့်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ မနက်ဖြန်အလှူမှာ ရှင်ပြုမယ့် မောင်ရှင်လောင်းနဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ထံက ပြောပါတယ်။
မေလ၁၀ ရက် ဒီနေ့ နေ့လည် ၁၂နာရီထိုးခါနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ စက်တပ်လေထီးနဲ့ မနက်ဖြန်မှာ အလှူလုပ်မယ့် နေအိမ်ကို ဗုံးလာကြဲတာလို့သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုမှာ အသက်၃၀အရွယ် အလှူ့ဒါယိကာ၊သားဖြစ်သူ အသက်၁၂နှစ်အရွယ် မောင်ရှင်လောင်းနဲ့ နောက်ထပ်အသက်၃၀အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ BLDF တပ်ခွဲအညာမိုင်း တာဝန်ရှိသူက ပြောပါတယ်။
