ဧပြီ ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူများနှင့် အင်အား ၂၀၀ခန့်ပါ ခြေလျင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသော်လည်း ဖြတ်တောက်ပိတ်ဆို့ထားနိုင်ကြောင်း ဗမာ့တပ်တော်က ယနေ့(ဧပြီ ၂၂ ရက်)တွင် ထုတ်ပြန်သည်။
ဧပြီ ၁၉ ရက်က နံနက်တွင် စစ်ကောင်စီ၏ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် နွယ်တမယ်ကျေးရွာမှ ရှားတောကျေးရွာဘက်သို့ နွယ်တမယ်မြောင်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာသည်ဟု ဆိုသည်။
ထို့နောက် တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းနင်းမိပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီသည် မိုင်းရှင်းလင်းရေးပြုလုပ်ကာ ဒဏ်ရာရရှိသူများအား သယ်ဆောင်၍ ဆက်လက်ချီတက်လာစဉ် ဗမာ့တပ်တော်၊ အမှတ်(၇၀၇)တပ်ရင်းနှင့် ပေါက်တောင်ပိုင်းကျန်း မာရေးနှင့် သူနာပြုတပ်ဖွဲ့တို့မှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ နံနက် ၁၁နာရီ ၄၅ မိနစ်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း အသိပေးသည်။

Public Service Announcement
ရှေ့ထွက်မိုင်းများ၊လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ရာ လက်နက်ကြီးဗုံးသီးများ ပန်းတောကြီးကျေးရွာအတွင်း ကျရောက်ခဲ့ပြီး ဒေသခံပြည်သူ ၇ ဦး ထိခိုက်ခဲ့ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ထို့အပြင် ဧပြီ ၂၀ ရက် နံနက် ၈ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များသည် သမြင်ကင်းဘက်သို့ မိုင်းထောင်၍ ခုခံရန်ပြင်ဆင်နေချိန်၌ စစ်ကောင်စီတပ်က ညောင်ကုန်း၊ မယ်ဇလီရွာဘက်တွင် စတင်ပစ်ခတ်ခဲ့ပြီးနောက် ပန်းတောကြီးရွာနှင့် မြောင်းခွကျေးရွာဘက်သို့ ဒရုန်းဝဲ၍ ကင်းထောက်ခဲ့သည်။
ထိုနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် တပ်ပေါင်းစုရဲဘော်များမှ ညောင်ကုန်းပွိုင့်နှင့် ရှားတော လက်ပံပင်ပွိုင့်သို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ပန်းတောကြီးရွာသို့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နေ့လည် ၁၂ နာရီ မိနစ် ၅၀တွင် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့အခြေပြုရာနေရာမှ ရှေ့ဆက် ချီတက်လာခဲ့ရာ မယ်ဇလီကွေ့ကျေးရွာအထွက် မန္တလေးဘုရားကြီးအနီးတွင် ဗမာ့တပ်တော်၏ မိုင်းကွင်းအတွင်း နင်းမိပေါက်ကွဲခဲ့ပြီးနောက် ၃နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆို သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ မကွေးလေတပ်မှ Jet Fighter များဖြင့် ၅ ကြိမ် လေကြောင်းပစ်ကူပေးဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောင်းခွကျေးရွာမှ နေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့ကာ စစ်ကြောင်းသည် လေကြောင်းပစ်ကူဖြင့် ဆက်လက်ထိုးစစ်ဆင် လာခဲ့သော်လည်း တပ်ပေါင်းစုများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နောက်မဆုတ်တမ်းပြန်လည်ခုခံ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် အထိနာ၍ ဧပြီ ၂၀ ရက်ညနေ ၄ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားကာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့ပြီး လူနာများအား စလင်းဆေးရုံသို့ မပို့ဆောင်နိုင်ပဲ စစ်ဆေးရုံကိုသာ ပြောင်းရွှေ့ပို့ဆောင်နေကြောင်း တပ်တွင်းသတင်းများအရ ဗမာ့တပ်တော်က ထပ်ဆင့်အသိပေးသည်။
ညောင်ကုန်းရွာနှင့် ရှားတောကျေးရွာဘက်ရှိ စစ်ကောင်စီတပ်သားများ ခေတ္တအခြေပြုရာနေရာသို့ ဒရုန်းဗုံးများ၊ ၆၀ မမလက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် မကွေးလေတပ်မှ လေကြောင်းပစ်ကူ ခုနစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သော်လည်း တပ်ပေါင်းစုမှ ထိခိုက်မှုမရှိဟု သိရသည်။
စစ်ကောင်စီ၏ ထိုးစစ်ကို ဗမာ့တပ်တော် အမှတ် (၇၀၇)တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ ပကဖ(စလင်း)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
“တော်လှန်ရေးနယ်မြေတွေကို လေကြောင်း ရော ၊မြေပြင်ကရော လက်နက်ကြီးတွေနဲ့ သာလွန်အင်အား သုံးပြီးထိုးဝင်လာတာ။အထိနာပြီး သူတို့ နောက်ပြန်ဆုတ်ထားရတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်း မြို့နယ်မှတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စလင်းမြို့နယ်အတွင်း စစ်ကောင်စီက အင်အားများစွာသုံး၍ စိုးမိုးနယ်မြေများအတွင်းသို့ စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေသဖြင့် ပြည်သူများအနေဖြင့် လေယာဉ်အန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များမရှိစေရန် ဗုံးခိုကျင်းများ တူးထားရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ညွှန်ကြားချက်များကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရန်လည်း ဗမာ့တပ်တော်က တိုက်တွန်းသည်။
ဧပြီ ၁၉ နှင့် ၂၀ ရက်တို့တွင် စစ်ကောင်စီ၏ အင်အားသုံးထိုးစစ်ဆင်ခဲ့သည့်နေရာသည် စလင်းမြိုနယ်၏ စလင်းမြို့နှင့် ဆင်ဖြူကျွန်းတိုက်နယ်ကြားရှိ ကျေးရွာများဖြစ်ကာ ဆင်ဖြူကျွန်းအနီး၌ ပခုက္ကူမြို့ အခြေစိုက်ခြေမြန်တပ်မဌာနချုပ်(၁၀၁)မှ ထုတ်နုတ်အင်အားများဖြင့် လက်နက်ကြီးအထိုင်ချထားသည်ဟု စလင်းမြို့ခံ စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီ၏ တိုက်ခိုက်ခဲ့မှု အခြေအနေကို ရှင်းပြသည်။
စစ်ကောင်စီသည် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအတွက်အရေးပါသည့် စလင်း-ဆင်ဖြူကျွန်းနှင့် တညောင်လမ်းပိုင်းအား ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။
