ဧပြီ-၂၇၊၂၀၂၅။သက်ဝေ/People’s Spring
ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။
KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဓတယ်အမျိုးသားလွတ်မြောက်ရေးတပ်၊ ရေဖြူပကဖ တို့ပါဝင်သည့် ပူးပေါင်းတပ်သည် ဧပြီ ၂၆ရက် ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
KNUတပ်မဟာ(၄)၏ ထုတ်ပြန်ချက်တွင် သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများ၊ဖမ်းမိစစ်သုံ့ပမ်းများ ၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြထားသည်။

Public Service Announcement
စခန်းသိမ်းပိုက်မှု အခြေအနေ များနှင့်ပတ်သက်ပြီး မေးမြန်းရန် KNU တပ်မဟာ(၄) ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်နေဆဲဖြစ်သည်။
အဆိုပါ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အရာရှိတစ်ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့သည်။
“လေးယောက်က တိုက်ပွဲမှာ သေတာ။ ဗိုလ်ကြီးတော့ အဖမ်းခံရမှာကြောက်လို့ထင်တယ် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်သေသွားတယ်”ဟု ထားဝယ်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထိုစခန်းတွင်စစ်သား(၂၀ )ဝန်းကျင်ရှိပြီးကျန်စစ်သား ၁၆ဦးမှာ အလံဖြူထောင်လက်နက်ချခဲ့ကြောင်း၊ တော်လှန်ရေးတပ်က စခန်းကိုမီးရှို့ခဲ့ကြောင်းစုံစမ်းသိရပါသည်။
တိုက်ပွဲဖြစ်နေစဉ် ဧပြီ ၂၆ ရက်နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသဖြင့်ဇဟာကျေးရွာဘုန်းကြီးကျောင်းအနီး ဗုံးကျသဖြင့် ဒေသခံနှစ်ဦး သေဆုံးပြီး ဘုန်းကြီးနှစ်ပါးလည်း ဒဏ်ရာရခဲ့ကြောင်းဒေသခံအချို့က ပြောသည်။
KNU တပ်မဟာ(၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီ ၁၉ရက်ကလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထီးထာ စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။
