ဧပြီ-၂၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာပြီးနောက်လေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။
“စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။လေကြောင်းက တောက်လျောက်ကြဲနေတယ်”ဟုမင်းလှမြို့ခန်းတဦးကပြောသည်။
စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်ရော၊ ရဟတ်ယာဥ်ဖြင့်ပါဗုံးကြဲနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

Public Service Announcement
မင်းလှမြို့နယ်တွင် ဧပြီ၂၃ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူများပြားခဲ့သည်။ထို့နောက်ပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများထပ်မံဝင်ရောက်လာပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲခြင်း၊ပစ်ခတ်ခြင်း နှင့် လက်နက်ကြီး ပစ်ခတ်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် မင်းလှမြို့နယ်အတွင်းရှိ ရွာပေါင်း (၂၁)ရွာ မှ ပြည်သူ အိမ်ထောင်စုများစွာနေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်းဒေသခံအချို့ကပြောသည်။
ဧပြီ ၂၇ ရက်နေ့လယ်ပိုင်းတွင်းပုသိမ်လေတပ်မှတက်သောဂျက်ဖိုက်တာများဓနုဖြူ၊ဇလွန်၊ဟင်္သာတမြို့တို့ကိုဖြတ်၍ ပဲခူးတိုင်းဘက်သို့ မကြာခဏပျံသန်းနေသည်။မင်းလှမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထပ်ထိုးရန်ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့်ဗုံးခိုကျင်းများအခိုင်အမာ တူးထားကြရန်၊လေယာဉ်သံ နှင့် သတင်းများကို အဆက်မပြတ် သတိထားရန်၊ ရပ်ရွာသားအချင်းချင်းရိုင်းပင်းစောင့်ရှောက်ကူညီကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ လတ်တလော အခြေအနေ လိုအပ်ချက် အရ ထုတ်ပြန်၊ဆောင်ရွက်မှုများတွင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကာကွယ်ရေးရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ထားကြရန်။လုံခြုံရေးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။
