close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်အနီးက မော်ဖားသူး စခန်းကို တစ်ရက်ကြာတိုက်ပြီး KNU သိမ်းယူ

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ မြန်မာစစ်ကောင်စီတပ်စခန်းရှိရာ တဝိုက်ကို ထိုင်းဘက်ကတွေ့ရပုံ (ဓာတ်ပုံ - เอก เกียรติศักดิ์ แม่สอด/FB)

ဧပြီ – ၁၉ ၊၂၀၂၅၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

မြဝတီမြို့နယ် မြောက်ပိုင်းမှာ ရှိတဲ့ မော်ဖားသူး စခန်းကို မနေ့ ဧပြီလ ၁၈ ရက်ညနေပိုင်းကစတင် တိုက်ခိုက်တာဖြစ်ပြီးတစ်ရက်အကြာမှာပဲ စခန်းသိမ်းနိုင်တာပါ။

အဲဒီတပ်စခန်းဟာ ထိုင်းနယ်စပ်နဲ့ တစ်မိုင်ခွဲခန့်သာဝေးတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“တပ်မဟာ( ၇ )က ဒီနေ့မှာ လေးဝေါ်စခန်းတစ်ခုလုံးကို ရှင်းလင်းသိမ်းပိုက်လိုက်ပြီးနော်” လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ သတင်းရင်းမြစ်ရဲ့ပြောပြချက်အရသိရပါတယ်။

နယ်စပ်အနီး တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျောက် လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ ထိုင်းမီဒီယာအချို့ က ဖော်ပြပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာဘက်ခြမ်းက ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ ၂၁၅ ဦးကို ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ Khaosod သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းရဲ့ တက်ခ်ပြည်နယ်၊ မဲရမတ် ခရိုင်ရဲ့ နယ်စပ်နဲ့ တစ်မိုင်ခွဲဝန်းကျင် အကွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် ဧပြီ ၁၉ ရက်မှာ ဒေသခံ ပြည်သူ ၂၃၃ ဦးခန့် ထိုင်းဘက်ကို ထပ်မံထွက်ပြေး ခိုလှုံလာတယ်လို့ ထိုင်းသတင်းဌာန The Nation က တော့ ရေးသားပါတယ်။

အဲဒီ စစ်ရှောင် ပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ရောက်ရှိခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေက သူတို့ကို မဲရမတ် ခရိုင်ထဲက ဟွိုင်ပလာကောင် ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေး စခန်းဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်တစ်ဘက်ခြမ်းက တိုက်ပွဲတွေကြောင့် ထိုင်းနယ်ခြားစောင့် အရာရှိတွေဟာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဖြန့်ကျက်ထားသလို စစ်ရှောင်တွေအတွက် လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ထားတယ်လို့လည်း The Nation သတင်းမှာ ပါရှိပါတယ်။

နောက်ပြီး ထိုင်းစစ်တပ်ကလည်း ပဋိပက္ခတွေ ထိုင်းပိုင်နက်ဆီ ကူးစက်မလာဖို့နဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေကို နယ်စပ်မှာ ပိုမိုဖြည့်တင်း ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

မော်ဖားသူးစခန်း တိုက်ပွဲနဲ့ ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတွေဆီ People’s Spring က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ် ထဲက ထိုင်းနယ်စပ်အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ စခန်းနဲ့ ခလယ့်ဒေးစခန်း တွေ ကို KNU တပ်မဟာ (၇) က သိမ်းယူထားပါတယ်။

လက်ရှိမှာ ဒေါနတောင်အရှေ့ဘက်ခြမ်း ၊မြဝတီမြို့နယ်ထဲမှာ မော်ဖားသူးစခန်းအပြင် မဲလ၊ မော်ဖိုးခီ့(မော်ဖိုးကေ)၊ တာလေဗျူဟာ၊ နော်တရာတောင်ထိပ်စခန်း စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

တပ်မဟာ(၄)နယ်မြေ၌ ဗျူဟာစခန်းကို ပထမဆုံးသိမ်းပိုက်ခြင်းဖြစ်

သတင်း

မီဒီယာ နှင့် တက်ကြွလှုပ်ရှားသူများသတင်း​ဖော်ပြရာတွင်လူထုတိမ်းရှောင်​နေ​သော​နေရာများမ​ဖော်ပြရန် ပန်ကြား

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။