အင်ကြင်း/People’s Spring
ယမန်နေ့(ဒီဇင်ဘာ ၁၂ရက်) ညနေ ၃နာရီခန့်က နွားထိုးကြီးမြို့နယ်အတွင်းရှိ ရန်ကုန် − မန္တလေးအမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ တဇောက်ချောင်းတံတား လုံခြုံရေးရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကူများရောက်ရှိလာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု နွားထိုးကြီး PDFက ထုတ်ပြန်သည်။
Shar Htoo Waw Fixed Wingနည်းပညာသုံး ဒရုန်းများဖြင့် ဗုံးကြဲပြီး မြေပြင်မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း နွားထိုးကြီး PDFက ထုတ်ပြန်သည်။
ရန်သူ့ဘန်ကာအနီးထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်ကူများ ရောက်ရှိလာခြင်းကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ပြန်၍ဆုတ်ခွာခဲ့ရကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

Public Service Announcement

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် လေးဦး မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုရှိပြီး လူနာတင်ယာဥ် ၂ စီးဖြင့် မိတ္ထီလာမြို့ဘက်သို့ တင်ဆောင်သွားကြောင်း နွားထိုးကြီး PDFက ထပ်မံ အသိပေးသည်။
တိုက်ပွဲဖြစ်ပွားချိန် ခရီးသွားယာဥ်များ အချိန်အနည်းငယ်ကြာ ရပ်တန့်စောင့်ဆိုင်းခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။
“၂ နာရီလောက်တော့ကြာသွားတယ်။ ပြင်စည်ဂိတ်နဲ့လည်းသိပ်မဝေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နွားထိုးကြီးPDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)နှင့် MDDSတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကလည်း နွားထိုးကြီး PDF သည် အမြန်လမ်းအနီးရှိ ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံရှိ စစ်အုပ်စုအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိခဲ့သေးသည်။
