ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာအုပ်စုသို့လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမအခြေပြုတပ်ခွဲ BTZM(GBK)PDF တပ်ဖွဲ့တာဝန်ခံက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာသို့ ပေါ်တာဆွဲရန်လာသည်ဆိုသော စစ်ကောင်စီတပ်သားများနှင့် ပျူစေားထီးများအား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ဆိုင်ကယ်က များတယ်။ အစီး ၂၀လောက်ရှိမယ်။ အရင်ဆုံးရှေ့ပွိုင့်က နှစ်ယောက်စီးတယ်။ နောက်က (ဆိုင်ကယ်တစ်စီး)သုံးယောက်။ ပွိုင့်ကျော်တဲ့အချိန် နောက်သုံးယောက်နဲ့ နောက်ယဥ်တန်းကသူတွေ(မိုင်း)ဆွဲမိတာ”ဟု BTZM(GBK)PDF တပ်ဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement
တိုက်ခိုက်ချိန်အတွင်း အပြန်လှန်ပစ်ခတ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားနှင့် ပျူအဖွဲ့မှ တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဆေးရုံတွင် ထပ်မံသေဆုံးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီကောင်တွေကို သယ်နေတာမြင်နေရတာဗျ။ နောက်ဆက်တွဲ နှစ်ယောက်ထပ်သေတာက အတွင်းသတင်းရထားတာပါ”ဟု BTZM (GBK)PDF တာဝန်ခံက ရှင်းပြသည်။
အထက်ပါ စစ်ရေးတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့နှင့် BTZM(GBK)PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
