ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ်ဟာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု အစီအမံ တစ်ရပ်ကို အကောင်အထည် ဖော်နေတယ်လို့ ထိုင်ဝမ် အစိုးရက ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ် ပတ်ပတ်လည် ရေပြင်မှာ ဖြန့်ကျက်ထားတဲ့ တရုတ်ရေတပ် သင်္ဘော အရေအတွက်ဟာ ဆယ်စုနှစ် တော်တော်များများအတွင်း အများပြားဆုံး ဖြစ်သလို စစ်လေယာဉ်တွေကလည်း အဲဒီလေ့ကျင့်မှုမှာ ပူးပေါင်း ပါဝင်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ဒါဟာ ထိုင်ဝမ် သမ္မတ လိုင်ချင်တေးက ပစိဖိတ် ဒေသတွင်း မိတ်ဆွေ နိုင်ငံတွေဆီ သံတမန်ရေး ခရီးစဉ် သွားရောက်ပြီး အမေရိကန်မှာလည်း ခရီးတစ်ထောက်နားနိုင်အောင် စီစဉ်ထားခဲ့တာတွေကို တရုတ်က ခြိမ်းခြောက်မှုဆန်ဆန် အင်အားပြ တုံ့ပြန်တဲ့ အဓိပ္ပါယ်လို့ ထိုင်ဝမ်က ဝေဖန်ခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ် အစိုးရကို နိုင်ငံတကာ သံတမန် ဆက်ဆံရေး နယ်ပယ်နဲ့ အဆက်ဖြတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေး ကြိုးစားနေခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်ဝမ်ကို သံတမန် ဆက်ဆံရေး တရားဝင် ချိတ်ဆက် ထူထောင်ထားတဲ့ မိတ်ဖက်နိုင်ငံ ၁၂ ခုသာ ရှိပါတယ်။

Public Service Announcement
တရုတ်ဟာ အရင်ကလည်း ထိုင်ဝမ်သမ္မတတွေရဲ့ သံတမန်ရေးရာ လှုပ်ရှားမှုတွေ ရှိလာတိုင်း ထိုင်ဝမ်ကျွန်း တဝိုက်မှာ အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးကတော့ တရုတ်ရဲ့ ရေတပ်နဲ့ ကမ်းခြေစောင့်တပ် ရေယာဉ် အစီးရေ ၉၀ နီးပါးလောက်ဟာ ပထမကျွန်းတန်းလို့ ခေါ်ဝေါ်တဲ့ ဧရိယာ တဝိုက်မှာ ရှိနေပြီး ဒီဇင်ဘာ ၉ ရက်ကနေ ၁၀ ရက်နေ့ထိ ၂၄ နာရီအတွင်း တရုတ် စစ်လေယာဉ် ၄၇ စီးထိ ထိုင်ဝမ်တဝိုက်မှာ ပျံသန်းခဲ့တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လိုင်က ထိုင်ဝမ် အမျိုးသားနေ့ မိန့်ခွန်းကို ပြောကြားခဲ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထိုင်ဝမ်ကျွန်းနားကို တရုတ် စစ်လေယာဉ် ၁၅၃ စီးကို တစ်ရက်တာ စံချိန်တင် အရေအတွက်အဖြစ် အင်အားပြ ပျံသန်းစေခဲ့ဖူးပြီး အခုသီတင်းပတ် အစောပိုင်း ပျံသန်းမှုကတော့ တစ်ရက်တာအတွင်း ဒုတိယ အများဆုံး စံချိန်လို့ သတ်မှတ်နိုင်ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဆွန်လိဖန်က ၂၀၂၂ ခုနှစ်မှာ ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေဆီ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ အလည်အပတ် ရောက်ရှိချိန်တုန်းက တရုတ်စစ်သင်္ဘောတွေ အင်အားပြခဲ့တဲ့ အရေအတွက်ထက် လက်ရှိ လေ့ကျင့်နေမှုက ပိုများပြားတယ်လို့လည်း ဆိုပါတယ်။
တရုတ်ဟာ ပလော့စီရဲ့ ထိုင်ပေ ခရီးစဉ်၊ လိုင်ရဲ့ သမ္မတရာထူး စတင်တာဝန်ယူမှုတွေ အပါအဝင် အကြောင်းတချို့နဲ့ တိုက်ဆိုင်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထိုင်ဝမ်တဝိုက်မှာ အင်အားကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု ၄ ကြိမ်ထိ ပြုလုပ်ထားခဲ့ပါတယ်။
ကိုးကား: AFP
