close
Connect with us

Hi, what are you looking for?

သတင်း

ပသုံးလုံးစည်းကမ်းဖောက်ဖျက်မှုရှိပါက အရေးယူရန် NUGပြည်ထောင်စုဝန်ကြီးချုပ် မှာကြား

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှုများအနက် အမှု ၂၁မှုကို စစ်ဆေးအရေးယူခဲ့သည်ဟု အသိပေးသည်။

(စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကိုင်းတိုင်း -ပကဖ)
(စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကိုင်းတိုင်း -ပကဖ)

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ ရှိနေသည့်အခြေအနေတွင် စည်းကမ်းဖောက်ဖျက်မှုများရှိပါက မူဝါဒနှင့်ထိန်းကျောင်းခြင်း၊ ရဲဝံ့စွာအရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။

ဒီဇင်ဘာ ၁၀ရက်က ကျင်းပခဲ့သည့် NUG အစိုးရ အဖွဲ့ အစည်းအဝေးတွင် ပကဖ၊ ပအဖ၊ ပလဖတို့နှင့်ပတ်သက်ပြီး ဝေဖန်အကြံပြုချက်များ ကြုံနေရမှု အခြေအနေနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားသည်။

” ဒီမနက်ထုတ်လွှင့်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူရဲ့ Press Briefing မှာဆိုရင်လည်း ဝေဖန်အကြံပြုချက်တွေများတဲ့ ပကဖ၊ ပအဖ၊ ပလဖတို့နဲ့ ပတ်သက်တာတွေ ရှင်းလင်းပြောဆိုသွားတာ တွေ့ရပါတယ်။ အထူးသဖြင့် တော့ ကျွန်တော်တို့လုပ်ရမှာ ၂ပိုင်းရှိနေပါတယ်။ တဖက်က မူဝါဒနဲ့အညီ ထိန်းကျောင်းဖို့၊ လိုအပ် ရင် ရဲရဲဝံ့ဝံ့အရေးယူဖို့နဲ့ တဖက်ကတော့ ပြည်သူကို အလေးထား ဆက်သွယ်ဆောင်ရွက်မှုပုံပေါ်စေတဲ့ Public Relation ပိုင်းကို အားဖြည့်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပအဖများကို အမျိုးသားညီညွတ်ရေးအစိုးရက မူမရှိဘဲ ဖွဲ့စည်းခဲ့ခြင်းမဟုတ်သကဲ့သို့ လက်ရှိတွင်လည်း မူဝါဒများ ၊လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်နေခြင်းကို ပြည်သူများ သိရန်လိုအပ်နေကြောင်း၊ လိုအပ်ပါက လိုအပ်သလို ထိန်းကျောင်း ဆောင်ရွက်နေသည်ကို ကျယ်ပြန့် စွာ သိရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယမန်နေ့က ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားသည့် အစီအစဉ်တွင် ပကဖ၊ ပအဖ၊ ပလဖတို့နှင့်ပတ်သက်သည့် ဝေဖန်အကြံပြုချက်များ တွေ့ရကြောင်း ပြောသည်။

” ခွဲခြားသတ်မှတ်ထားတဲ့ မိမိတို့ရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းရွက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ယန္တရား အဆင်ပြေချောမွေ့စွာလည်ပတ်နေတဲ့ မြို့နယ်တွေများစွာရှိသလို၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်တဲ့ စည်းကမ်းဖောက်ဖျက်တဲ့ လူပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေ ရှိနေတာကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါတယ်။ ဒီလိုစည်းကမ်းဖောက်ဖျက်သူတွေ၊ ဥပဒေချိုးဖောက်သူတွေနဲ့ ပတ်သက်ပြီး ရောက်ရှိလာတဲ့တိုင်ကြားစာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ဖွဲ့စည်းထားသည့် တိုင်ကြားစာကော်မတီသို့တိုင်ကြားလာသည့်အမှုကိစ္စများအနက် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများနှင့် သက်ဆိုင်သည့် အမှုများကိုသက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ လွှဲပြောင်း စစ်ဆေးစေကြောင်း အသိပေးသည်။

” ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက် မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေနဲပတ်သက်ပြီး ပကဖဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆိုင်ရာ အမှုအခင်းတွေကို စစ်ရုံးချုပ် စစ်ရေးဌာနကကိုင်တွယ်ဆောင်ရွက်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

PDF၊ ပကဖများနှင့် ပတ်သက်သည့် တိုင်ကြားမှုများအနက် အမှု (၅၆)မှုကို စစ်ဆေးအရေးယူပြီးခဲ့ပြီဖြစ်ပြီး ဝန်ကြီးဌာနအဆင့်စုံစမ်းစစ်ဆေးရေးခုံရုံးမှ (၇)မှု၊ စစ်ရုံးချုပ်အဆင့်စုံစမ်းစစ်ဆေးရေးခုံရုံးမှ (၁၁)မှု၊ စစ်တရားရုံးဖြင့် စုံစမ်းစစ်ဆေးနေမှု (၉)မှုနှင့် အစီရင်ခံစာများစစ်ဆေးနေသည့် အမှု (၂၆)မှုတို့ကို စုံစမ်းစစ်ဆေးနေဆဲဟု ဦးနေဘုန်းလတ်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှုများအနက် အမှု ၂၁မှုကို စစ်ဆေးအရေးယူခဲ့သည်ဟု အသိပေးသည်။

ပြည်သူ့အုပ်ချုပ်ရေးယန္တရာအနေဖြင့်ပြည်သူလူထု လုံခြုံဘေးကင်းရေး၊ တရားဥပဒေစိုးမိုးရေးကို အကောင်းဆုံးဖော်ဆောင်ရေး၊ တော်လှန်ရေး၏ အဓိကရည်မှန်းချက်ဖြစ်သည့်စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးကို မျက်ခြေမပြတ်ဘဲ လုပ်ငန်းများအကောင်အထည် ဖော်နိုင်ရေး၊လူထုလှုပ်ရှားမှုတွေကို အကူအညီအထောက်အပံ့ဖြစ်စေရေးတို့ အထူးကြပ်မတ်ဆောင်ရွက်မည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

“လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူးဆိုတာ ကျွန်တော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်”

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

သတင်း

ပြည်သူရင်ခွင်ခိုလှုံလာသူများထဲတွင် စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုခံရသူ ၃၃ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

သတင်း

▪︎စစ်ကြောင်းရှိ ရဲဘော်အင်အား ထက်ဝက်ကို လက်နက်တပ်ဆင်ပေးမည်ဟု PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော

Facebook