ထားမြတ်/People’s Spring
ချင်းပြည်ကောင်စီပူးပေါင်းတပ်များက နိုဝင်ဘာ ၃၀ရက်တွင်သိမ်းပိုက်ထားသည့် ဟားခါးမြို့အနီးရှိ တပ်စခန်းတစ်ခုကို စစ်ကောင်စီက အင်အားသုံးပြန်လည်ထိုးစစ်ဆင်လာ၍ တစ်ပတ်ကျော်အကြာတွင် ပြန်လည်လက်လွှတ်လိုက်ရကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၃၀ရက်က စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၁၁ဦး သေဆုံးပြီး ၁၉ဦး အရှင်ဖမ်းဆီးခံခဲ့ရသည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များပါဝင်သော ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် ဟားခါးမြို့အနီး တပ်စခန်းကုန်း တစ်ခုကို စစ်ကောင်စီက အင်အားရာချီ အသုံးပြုပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က အဆိုပါတပ်စခန်းကို ပြန်ရသွားခဲ့သည်ဟု ဆိုသည်။
“အဲဒါကတော့ ဟားခါးမြို့နယ်မြေပေါ့။ နီးနီးကပ်လေးပဲ။ ဟားခါးမြို့ရဲ့ ဂေါက်ကွင်းနားမှာရှိတဲ့ တောင်ထိပ်တစ်ခုဖြစ်ပါတယ်။ အဲဒါ စကစ ဘက်က အင်အား ၂၀၀နဲ့ ထိုးစစ်ဆင်တာကြောင့် ၁၀ရက်လောက်ကြာ ခုခံနိုင်ပေမယ့် ၁ရက်မှာ မခုခံနိုင်တော့ဘူးပေါ့။ ဟားခါးမြို့သိမ်းပွဲလုပ်ဖို့ဆို အဲဒါက အရေးပါတဲ့နေရာဖြစ်ပါတယ်။ အဲဒါကိုတော့ စကစ ဘက်က ပြန်ရတာပေါ့။ အဲဒါကတော့ သတင်းမှန်ပါ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ချင်းပြည်ကောင်စီပူးပေါင်းတပ်များသည် နိုဝင်ဘာ ၂၂ရက်တွင် ဟားခါး − ထန်တလန်အကြားနှင့် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်စခန်း ၈ခု သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့သည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ အလက် ၆၀ကျော်သိမ်းရခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ပြောသည်။
ယခု ဟားခါးမြို့အနီး ချင်းပြည်ကောင်စီပူးပေါင်းတပ်က တပ်စခန်းတစ်ခု ပြန်လည်လက်လွှတ်လိုက်ရခြင်းနှင့်ပတ်သက်ပြီး ဆလိုင်းထက်နီထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
