အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံပြည်သူငါးဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၁၀ရက် ညနေ ၅နာရီခန့်က မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊မိုးနှောင်းကင်းကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြငိး ဖြစ်သည်။
“တိုက်ပွဲမရှိဘဲ ဗုံးကြဲချသွားတာ။ ဒီရွာက ကာကွယ်ရေးရဲဘော်တွေ အခြေပြုတဲ့ရွာလည်းမဟုတ်ဘူး”ဟု တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦး၊ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေကတော့ ရွာက ရှောင်နေကြတယ်။ ထိခိုက်တဲ့အထဲကိုယ်ဝန်သည်အမျိုးသမီး တစ်ယောက်ပါတယ်။”ဟု တောင်သာနယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် ကျေးရွာရှိ ပြည်သူများမှာလည်း ထပ်မံလေကြောင်းတိုက်ခိုက်ခံရမည်စိုးရိမ်၍ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။
ထို့အပြင် ဆိတ်နှင့်နွားများလည်း ထိခိုက်သေဆုံးပြီး နေအိမ် ၁၀လုံးလည်းပျက်စီးကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်း တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယခုဒီဇင်ဘာပထမပတ်အတွင်း နွားထိုးကြီးမြို့နယ်မှ ဒေသခံပြည်သူ ၁၁ဦး၊ ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးရဲဘော် နှစ်ဦး သေဆုံးခဲ့သေးသည်။
