အိမ်သွင်/People’s Spring
အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များ ခေါ်ယူနေကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့(ဒီဇင်ဘာ၂ရက်)တွင် ကြေညာသည်။
“BPLA က အညာဒေသတိုက်ပွဲများအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါတယ်။ Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီ”ဟု BPLAက ရေးသားထားသည်။
BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း ” ဘာအခက်အခဲပဲကြုံကြုံ၊ ဘာပြဿနာပဲကြုံကြုံ ဦးလှည့်မသုန်ဆောင်ရွက်ပါမယ်။ ရှိသမျှ အားကုန်လည်း ရုန်းပါ့မယ်။ အတူရုန်းကြဖို့ရာ ဖိတ်ခေါ်ပါတယ်”ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။

Public Service Announcement
BPLA အနေဖြင့် အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားသောတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ကိုဆောင်းခက အောက်တိုဘာလကုန်ပိုင်းတွင် စတင်အသိပေးခဲ့သည်။
BPLA အနေဖြင့် တပ်တည်ထောင်ခြင်း ၃ နှစ်ကျော်ကာလအတွင်း ကနဦးအနေဖြင့် ကရင်ပြည်နယ် အမှတ်( ၁၀၇) စစ်ဒေသနှင့် ရှမ်းမြောက်အခြေစိုက် အမှတ် (၂၀၃)စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိခဲ့သည်။ ယခုအခါ အညာဒေသ၌ပါ အမှတ်(၃၀၈)၊ အညာစစ်ဒေသ ဟူ၍ သုံးခုမြောက်စစ်ဒသတိုးချဲ့လာခြင်းဖြစ်သည်။
BPLA သည် NUG လက်အောက်ခံတပ်မဟုတ်ကြောင်း၊ သို့ရာတွင် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အစဉ် ကြိုးစားမည်ဖြစ်ကြောင်း ကွပ်ကဲရေးမှူး ကိုဆောင်းခက အောက်တိုဘာ ၂၇ ရက်တွင် ဖေစ်ဘွခ်၌ ရေးသားထားသည်။
BPLA အနေဖြင့် ဗမာလူမျိုးစုကိုယ်စားပြုနိုင်ရေးနှင့် ဗမာလူထု၏ အသိအမှတ်ပြုမှု ရရှိရေးကို တဆင့်ချင်း လုပ်ဆောင်မည်ဟုလည်း ဆိုသည်။
ထို့အပြင် အညာဒေသတော်လှန်ရေးအင်အားစုများက BPLA ကို ကြိုဆိုသည်ဟု ကိုဆောင်းခက People’s Spring အား ပြောကြားထားကြသည်။
