သတိုး၊ဇေအောင်/People’s Spring
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် အရပ်သားပြည်သူ ၃သန်းခွဲခန့်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က သတင်းထုတ်ပြန်သည်။
“လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ စံချိန်တင်များပြားလာပြီး၊ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်ပါတယ်”ဟု OCHA ကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများမြင့် တက်နေပြီး တိုင်းနှင့်ပြည်နယ် ၁၅ ခုအနက် ၁၂ခုမှာ တိုက်ပွဲဒဏ်ကိုခံစားနေရကြောင်း OCHA က ဆိုသည်။

Public Service Announcement
“ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေရောက်ရှိဖို့ ရှုပ်ထွေးတဲ့ကန့်သတ်ချက်တွေ ဖယ်ရှားပေးရပါမယ်”ဟု OCHA က အကြံပြုထားသည်။
၂၀၂၄ နှစ်စမှ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ ၃သန်းခန့်ကို ကူညီမှုများပေးခဲ့သော်လည်း ရန်ပုံငွေနည်းပါးမှုကြောင့် စီစဉ်ထားသည့်အတိုင်း အပြည့်အဝမကူညီနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။
“နှစ်ကုန်ပိုင်းကိုရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုန့်ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေဟာ ၃၄ရာခိုင်နှုန်းသာသာပဲရရှိတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အရေးပေါ်အကူအညီတွေပေးဖို့ အများကြီးထိခိုက်ရပါတယ်”ဟု OCHA ကဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမတိုင်မီတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာသူများပြားခဲ့သော်လည်း အာဏာသိမ်းမှုအပြီးတွင် ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊စစ်ကိုင်းတိုင်း ၊မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာသူ အများအပြားရှိလာခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၁.၈သန်းကျော်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR အစီရင်ခံစာထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ မီးရှိူ့အကြမ်းဖက်မှုကို အများဆုံးခံနေရသည့် စစ်ကိုင်းတိုင်းသည် စစ်ဘေးရှောင် အရေအတွက် အများဆုံးဖြစ်ပြီး မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်သည်ဟု UNHCR က ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် နိုဝင်ဘာ ၂၄ ရက်ကတည်းက ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကြောင့် တောင်ရင်းကျေးရွာ၊ တလိုင်းကျေးရွာ၊ ကျောင်းဖြူကျေးရွာအပါအဝင် အနီးတဝိုက်ကျေးရွာများမှ စစ်ရှောင်ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီးယနေ့(နိုဝင်ဘာ၂၉ရက်)အထိ နေရပ်ပြန်ဝင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
“စစ်ကြောင်းကတော့ ပဒူရဲစခန်းထဲ ပြန်ဝင်သွားတယ်။ ပြည်သူတွေကတော့ ရှောင်နေရတုန်းပဲ။”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပုလဲမြို့နယ်တွင်လည်း နိုဝင်ဘာ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲကြောင့် ကျေးရွာအများအပြားမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခုအခါ ကျေးရွာအချို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်သော်လည်း ပုလဲမြို့အနီးတဝိုက်ရှိ ကျေးရွာပေါင်း ၁၂ ရွာခန့်မှ ပြည်သူငါးထောင်ခန့်မှာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။
“စစ်ရှောင်က ဘယ်လောက်ကြာမယ်ဆိုတာက မပြောနိုင်သေးဘူးလေ။ နောက်ထပ်ကြာဦးမယ်ဆိုရင်တော့ သူတို့စားဝတ်နေရေးအခက်အခဲတွေ ဖြစ်လာနိုင်တယ်။”ဟု ဦးဇော်ထက်က ပြောသည်။
အလားတူ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ခြင်းများကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
