▪︎ခလရ( ၂၂၂) တပ်ရင်းမှူး သော်ဇင်လတ် စခန်းသိမ်းတိုက်ပွဲ၌ အလောင်းတွေ့ပြီး ခလရ(၂၆၆)တပ်ရင်းမှူး အေးသန့် စနိုက်ပါကြောင့် ဒဏ်ရာရပြီး ဆေးရုံ၌ သေဆုံး
ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များပါဝင်သည့် ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၃၀ရက်နေ့တွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၂ ဦး သေဆုံးခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၃၀ရက်တွင် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က ဟားခါးအနီး စစ်ကောင်စီတပ်စခန်း ၃ခု သိမ်းပိုက်ခဲ့ရာ ရယ်ဗဇုန်စခန်း(အသံထွက်ကွဲလွဲနိုင်)သိမ်းတိုက်ပွဲ၌ ခလရ(၂၂၂) တပ်ရင်းမှူးသေဆုံးကာ အလောင်းကို တွေ့ရှိခဲ့သည်ဟုသိရသည်။

“နိုဝင်ဘာ ၃၀ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ စကစ တပ်ရင်းမှူးတွေ နာမည်သိပြီ။ တစ်ယောက်က ခလရ(၂၂၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော်ဇင်လတ်။ နောက်ထပ်တစ်ယောက်က ခလရ(၂၆၆)တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအေးသန့်။ အဲဒီထဲမှာ ၂၆၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အေးသန့်ကတော့ နိုဝင်ဘာ ၂၂တုန်းက သူစီးလာတဲ့ကားကို ချင်းပြည်အစိုးရတပ်က

Public Service Announcement
စနိုက်ပါနဲ့ ကြားဖြတ်တိုက်ခိုက်ပစ်ခတ်တာဖြစ်တယ်။ အဲဒါကို ဆေးရုံဒဏ်ရာရပြီးမှ ဟားခါး ပြည်သူ့ဆေးရုံမှာ နိုဝင်ဘာ ၃၀ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သိတာဖြစ်တယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောပြသည်။

ရယ်ဗဇုန်စခန်းသိမ်းတိုက်ပွဲတွင် ခလရ (၂၂၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော်ဇင်လတ်အပါအဝင် စစ်တပ်အရာရှိ ၂ဦး၊ ရဲအရာရှိ ၁ဦး စုစုပေါင်း ၁၁ဦး သေဆုံးကာ ၁၉ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲ၌လက်နက်မျိုးစုံ ၃၅လက်ထက်မနည်းနှင့် ကျည်ခဲယမ်းများစွာကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းရခဲ့သည်။ ယင်းနေ့တွင် စစ်ကောင်စီ စခန်းများဖြစ်သော ရယ်ဗဇုန်စခန်း၊ နွန်ထလော့ဘိုစခန်း၊ အွန်ပူပွက်နာ စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းရခဲ့ရာ စစ်ကောင်စီတပ်က ၁၄ဦးထက်မနည်းသေဆုံးပြီး ၁၉ဦး အရှင်မိ၊ လက်နက်မျိုးစုံ ၅၀ ခန့် သိမ်းရခဲ့သည်ဟု သိရသည်။

ခလရ(၂၆၆) တပ်ရင်းမှူးသည် ထန်တလန်ရှိ ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များအား သွားတွေ့ပြီး ဟားခါးဘက် အပြန်တွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်က စနိုက်ပါဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“သူ့လက်အောက်တွေကို ထန်တလန်ဘက်မှာ နိုဝင်ဘာ ၂၂မှာ သွားတွေ့တာ။ အဲဒီမှာ သူပြန်တာပေါ့ ဟားခါးဘက်ကို ကားနဲ့။ အဲဒီလို ပြန်သွား တဲ့အချိန်မှာ CC ချင်းလဲန်းအစိုးရတပ်ဖွဲ့တွေက စနိုက်ပါနဲ့ ပစ်ခတ်တာ ကားထဲမှာဒဏ်ရာရတာပေါ့။ အဲဒီဒဏ်ရာနဲ့ ဟားခါးရောက်တာပေါ့။ အဲဒီ နောက်ပိုင်း နိုဝင်ဘာ ၃၀ရက်နေ့မှာပဲ သေဆုံးတယ်ဆေးရုံမှာ။” ဟု သတင်းရင်းမြစ်က ပြောသည်။
ခလရ(၂၆၆)သည် ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်ပြီး ခလရ(၂၂၂) သည် စစ်ကိုင်းတိုင်း ဟုမ္မလင်း အခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်သည်။ ခလရ(၂၂၂) တပ်ရင်းသည် ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးရာ၌ပါဝင်သည့် တပ်ဖြစ်သည်။
