အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် ထိန်းချုပ်ထားသည့် ပန်းသာကျေးရွာ၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အင်အားဆက်တိုက် ဖြည့်တင်းနေသည်။
“ပန်းသာကို စစ်ကားတွေ ဒီရက်ဆက်တိုက်ဝင်နေတယ်။ စစ်ရေးအခြေအနေထူးခြားမှုမရှိဘဲနဲ့ ဝင်လာတာပါ။ မြို့ထဲမှာလည်း ပျူစောထီးတွေ တော်တော်လေးခြေရှုပ်နေကြတယ်”ဟု တမူးမြို့ဒေသခံတစ်ဦးက ပြောသည်။
တမူးမြို့နယ်ရှိ ပန်းသာရွာ၊မင်းသာကျေးရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာကျေးရွာကို အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်ဟု သိရသည်။

Public Service Announcement
ပန်းသာကျေးရွာကို အင်အား ၅၀ထက်မနည်းလာရောက်ပို့ဆောင်သွားသလို မြို့နယ်အတွင်း၌ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စုဆောင်းထားသည့် လူငယ် ၃၀ကျော်ကို ကလေးမြို့သို့ပြန်ခေါ် သွားသည်ဟု ဒေသခံအချို့က ပြောသည်။
တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုကြောင့် စစ်ကောင်စီသည် တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်အခြေအနေဖြစ်သည်။
တမူးမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာက တိုက်ပွဲဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၃ရက်က တမူးမြို့နယ် နမ့်မွန်းတားရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် လက်ပါးစေ ကသည်းသူပုန် နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းဝင်ရောက်လာစဉ် တိုက်ပွဲဖြစ်ခဲ့ခြင်းဟု ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီဘက်မှ ကသည်းသူပုန် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF သုံးဦးလည်း ကျဆုံးခဲ့သည်။
ကသည်းသူပုန်ရုပ်အလောင်းသုံးလောင်းနှင့် အရှင်ဖမ်းမိသူတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လက်အောက်ခံတပ်ရင်းများက အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ အိန္ဒိယနိုင်ငံစစ်ဘက် ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့တွင် တမူး-ကလေး ၊အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းပိုင်းနှင့် တမူးမြို့ကို PDFများက သိမ်းပိုက် ရန်ပြင်ဆင်နေသောကြောင့် နန်းမွန်တားရွာအနောက်ဖက်ပိုင်း၊ ပွတ်သာရွာ၊ဘုတ်ကန်၊ ထင်းဇင်းရွာအနီးတို့တွင် စုဖွဲ့နေသဖြင့် PDFများကိုတိုက်ခိုက်ရန်ဆိုကာ နိုဝင်ဘာ ဒုတိယပတ်ကတည်းက ဝါဒဖြန့်နေသည်ကို တွေ့ရသည်။
