ဇေအောင်/People’s Spring
မန္တလေးတိုင်းရှိ မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ရှိ စစ်ဘေးရှောင်ဆင်များနှင့် ဆင်ထိန်းမိသားစုဝင်များအား တော်လှန်ရေးအဖွဲ့များ ခွဲဝေစောင့်ရှောက်နေကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင် အကောင်ရေ ၁၃၈ကောင်နှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏ မိသားစုများသည် ဘေးကင်းရာဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA လှုပ်ရှားအုပ်ချုပ်စစ်နယ်မြေအတွင်းရှိ တောတောင်များအတွင်းသို့ ၂၀၂၄ ဇူလိုင်၁၀ရက်မှ စတင်ရှောင််တိမ်းလာခဲ့ရာ PLAက ကာကွယ် စောင့်ရှောက်ထိန်းသိမ်းထားသည်။
ယခုအခါ အဆိုပါဆင်များနှင့် ဆင်ဦးစီး၊ ဆင်ထိန်းမိသားစုဝင်များအား တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကပါ ခွဲဝေတာဝန်ယူထားကြောင်း PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

“အရင်ကတော့ တစုတည်းလိုဖြစ်နေတာ။ အခုတော့ခွဲပြီး တာဝန်ယူထားကြတယ်။ ဆင်ဦးစီးတွေအတွက် စားနပ်ရိက္ခါတွေ ထောက်ပံ့တယ်ဆိုတော့ ကျွန်မတို့ချည့်ပဲ အကုန်လုံးထောက်ပံ့ဖို့က မနိုင်ဘူးပေါ့နော်။ TNLAကလည်း ဝိုင်းပြီးထောက်ပံ့ဖိုဆိုပြီး ခွဲဝေယူတာရှိတယ်။ ကျန်တဲ့ PDF တွေ ယူမယူတော့မသိသေးဘူး။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ ဆင်များသည် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်းမြို့နယ်များမှဖြစ်ပြီး ဆင်များအပြင် ဆင်ဦးစီး၊ ဆင်ထိန်းများ၊ ၎င်းတို့၏ မိသားစုဝင်များ လူဦးရေ ၃၀၀ ကျော်ကိုပါ စောင့်ရှောက်ထားကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဆင်ပေါက်ကလေးတွေလည်း ပါတယ်။ တချို့ကလည်း တစ်နှစ်သားလောက်ပေါ့။ တချို့ကလည်း လသားပေါ့။ တချို့မိသားစုက ကလေးတွေပါတာရှိတယ်။ တချို့ကတော့ လူလွတ်တွေ။ အဲဒါတွေရဲ့ စားနပ်ရိက္ခာတာဝန်ယူရတာဆိုတော့ အဲဒါကြောင့်မို့ TNLAက ခွဲယူလိုက်တာပါ။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
အရေအတွက် မည်မျှစီ ခွဲဝေတာဝန်ယူထားသည်ကိုမူ မသိရသေးပေ။

” သပိတ်ကျင်းဘက်မှာ နဂိုကတည်းကရှိတယ်။ နဂိုတုန်းကရှိတာ ၁၀ဝိုင်းပေါ့။ မန္တလေးတို့ဘာတို့မှာ ထိုးစစ်တွေဖြစ်တော့ အဲဒီဘက်တွေကနေ ရွှေ့လာတာ။ ဆင်ဝိုင်းတွေက ဒီဘက်လာပေါင်းတာ။ နဂိုရှိတဲ့ ၁၀ဝိုင်းနဲ့ ဟိုဘက်ကထပ်ပြောင်းလာတာ ၁၁ ဝိုင်းနဲ့ ၂၁ ဝိုင်းပေါ့။ ဟိုဘက်မှာတိုက်ပွဲတွေဖြစ်တော့ ဆင်တွေကောလူတွေကော နေရတာခက်လို့လေ။ သူတို့လည်း ဆင်ဒုက္ခသည်တွေ ဖြစ်နေတာပေါ့။ အဲဒါကြောင့်သူတို့ကရွှေ့လာတာ။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သို့သော် ပြည်သူ့အစိုးရသစ် လက်ထက်တွင် ပြန်လည်၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ပြီး ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အလောင်းတော်ကဿပနယ်မြေရှိ ဆင်များနှင့် ဆင်ဦးစီးမိသားစုဝင်များကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ရှောက်ထားသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်အတွင်းရှိသပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မိုးကုတ်မြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
