ဆိုင်းမင်း/People’s Spring
အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတာကြောင့် သေဆုံးရတဲ့နိုင်ငံရေး အကျဉ်းသူ ၊ အကျဉ်းသားဦးရေ က အခုနှစ် ၁၁ လတာအတွင်း ၁၈ ဦးထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
ဒီစာရင်းကဇန်နဝါရီလကနေ နိုဝင်ဘာလ ၂၅ ရက်အထိဖြစ်ပြီး နိုင်ကျဉ်း အမျိုးသား ၁၆ ဦး ၊အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ရတာ လို့သိရပါတယ်။
သေဆုံးမှုတွေက အိုးဘိုထောင် ၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင် ၊ ကျိုက်မရောထောင် ၊ မကွေးထောင် ၊သရက်ထောင် ၊ ကလေးထောင် ၊ ပြည် အကျဉ်းထောင် ၊ ထားဝယ် ထောင်နဲ့ မြင်းခြံထောင်တွေ မှာ ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
ကိန်းဂဏန်းတွေအရ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက် မှု မရလို့ တစ်လကိုအနည်းဆုံး နိုင်ကျဉ်း ၁ ဦး သေဆုံးနေရတာတွေ့ရပါတယ်။
သေဆုံးရတဲ့ နိုင်ကျဉ်းတွေဟာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတာကြောင့် ရောဂါကျွမ်းပြီး သေဆုံးရတာတွေအပြင် စစ်ကြောရေးမှာရရှိတဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်မရတာ၊ ထောင်ဝန်ထမ်းတွေရဲ့ရိုက်နှက်မှုကြောင့် ရရှိတဲ့ ဒဏ်ရာတွေကိုဆေးကုမပေးတာတွေကြောင့် လည်းပါဝင်ပါတယ်။
လုံးလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့သူတွေထဲမှာ ယခုလပိုင်းအတွင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ၊ လျှပ်စစ်၊ စွမ်းအင်ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နဲ့ ဝါရင့်နိုင်ငံရေးအကျဥ်းသား ဦးစိန်လင်းလည်းပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကလည်း ထောင်တွင်းမှာလုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အတွက် နိုင်ငံရေးအကျဥ်းသား၁၅ဦး၊ အကျဥ်းသူ ၂ဦး၊ စုစုပေါင်း ၁၇ဦးသေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – PPNM
