ထားမြတ်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၏ တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က တိုက်ခိုက်လာကြောင်း SSPPက ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၅ရက် နံနက် ၅နာရီခွဲတွင် RCSS စစ်ကြောင်း ၂ခုသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ တပ်စခန်း ၂ခုတိုက်ခိုက်ပြီး SSPP တပ်သား ၄ဦးကို ဖမ်းခေါ်သွားပြီး RCSS စစ်ကြောင်းတစ်ခုက ပန်ပွဲကျေးရွာအတွင်းရှိ SSPP တပ်ဖွဲ့ဝင် ၄ဦးနှင့် ဒေသခံတစ်ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြသည်။

Public Service Announcement
SSPP တပ်စခန်းသုံး မော်တောဆိုင်ကယ်(၄)စီး၊ ကားတစ်စီး အပါအဝင် စခန်းများကို RCSSက မီးရှိူ့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ပန်ပွဲကျေးရွာကော်မတီဝင်တစ် ဦး၏ နေအိမ်ကို လက်နက်ကြီး၊ငယ်ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အိမ်ရှင်ကို ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု SSPPက ထုတ်ပြန်သည်။
နေအိမ်အတွင်းရှိ အဖိုးတန် ရွှေငွေပစ္စည်းများကိုလည်း RCSSက မွှေနှောက်ယူဆောင်သွားသည်ဟု ဖော်ပြသည်။
ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူတစ်ဦး၏ ကုန်စုံဆိုင်ကိုလည်း RCSSက ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာကုန်ပစ္စည်းများနှင့် ရွှေငွေများကိုယူဆောင်သွားဟု SSPPက ထုတ်ပြန်သည်။

မိုင်းကိုင်မြို့၌ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး RCSS ဘက်က သတင်းထုတ်ပြန်မှု တစုံတရာ မတွေ့ရသေးပေ။
SSPPနှင့် RCSSသည် ၂၀၂၃ နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၄ မတ်လမှစ၍ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။
SSPPနှင့် RCSS ရှမ်းတပ်နှစ်ဖွဲ့လုံးသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးနေသည့် တပ်ဖွဲ့များ ဖြစ်သည်။
ရှမ်းတပ်အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုများရှိသော်လည်း နှစ်ဖွဲ့စလုံးသည် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများကြီကြီးမားမားမရှိပေ။
