ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်တွင် ယခု နိုဝင်ဘာလဝက်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၇ဦး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဖာပွန်(မူတြော်)ခရိုင်၌ နိုဝင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၃ကြိမ်ရှိခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး (၁)ဦး၊ ဒုတပ်ရင်းမှုး (၁)ဦးအပါအဝင် စုစုပေါင်း (၇၇)ဦးသေဆုံးခဲ့ပြီး KNLA တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့ဘက်က ၈ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
စစ်ကောင်စီတပ်၏ သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုချက် မရပေ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ်တစ်စီးဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
နိုဝင်ဘာလဝက် အတွင်းတိုက်ပွဲများအနက် ဖာပွန်မြို့နယ် ကူးဆိပ်တံတား လုံခြုံရေးစခန်းကို KNLA တပ်မဟာ(၅) ပူးပေါင်းတပ်က နိုဝင်ဘာ ၉ရက်တွင် ရှင်းလင်းသိမ်းပိုက်ခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ RPGနှင့်လက်နက်ငယ်အချို့၊ ကျည်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ဟု တပ်မဟာ(၅)က အသိပေးထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၈ဦး ထက်မနည်း သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ဦး ဒဏ်ရာရရှိခဲ့သည်။
KNU ဖာပွန်ခရိုင်တွင် အောက်တိုဘာလအတွင်းကလည်း တိုက်ပွဲပေါင်း ၁၃၆ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ဦးနီးပါးသေဆုံးကာ အရှင်ဖမ်းဆီးရရှိခဲ့သူများ ရှိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။ ထို့ပြင်လက်နက်ကြီး လက်နက်ငယ်များ၊ ကျည်များစွာကိုလည်း KNLA တပ်မဟာ(၅)က သိမ်းပိုက်ရရှိခဲ့သည်။
