ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စစ်ကောင်စီလမ်းကင်းအဖွဲ့ကို နိုဝင်ဘာ ၁၈ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး လက်နက်များရရှိခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က အသိပေးသည်။
နိုဝင်ဘာ ၁၈ရက် နံနက်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်အကြား၌ သုံးဘီးယာဉ်အသုံးပြု၍ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
သတင်းအရ စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၅ဦးသေဆုံး ၂ဦး ဒဏ်ရာရရ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း YPPDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

Public Service Announcement
အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီထံမှ MA1 (၃)လက်၊ MA3 (၁)လက်၊ MA2 စက်ကလေး(၁)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နှင့် ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အသိပေးသည်။
” ပြည်သူများကိုလည်း စစ်ရေးပစ်မှတ်နဲ့ အနီးအနားမှာ မနေဖို့နဲ့ စစ်ရေးသတင်းနားစွန့် သွားလာကြဖို့ တိုက်တွန်းလိုပါတယ်”ဟု YPPDF တာဝန်ရှိသူက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။
ထို့ပြင် တော်လှန်ရေးနှင့်စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော် များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းကြပါရန် တိုက်တွန်း ဖိတ်ခေါ်ထားသည်။
