close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာတိုက်ခိုက်ခံရမှု လေကြောင်းရန်ပေါ့လျော့မှု​ဖြင့် အရာရှိနှစ်ဦးအပါအဝင်ငါးဦးအား အရေးယူရန် နေပြည်တော်ပို့ဆောင်ဟုဆို

ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့သည် တော်လှန်ရေးအဖွဲ့များ၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။

(ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ ၉၉ ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ဓာတ်ပုံ-မိတ္ထီလာပကဖ)
(ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ ၉၉ ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ဓာတ်ပုံ-မိတ္ထီလာပကဖ)

ဇေအောင်/People’s Spring

မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉) ဌာနချုပ် တိုက်ခိုက်ခံရမှု၌ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေါ့လျော့မှု​ဖြင့် လေကြောင်းအရာရှိ ၂ ဦးအပါအဝင်ငါးဦးအား အရေးယူရန် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက ပြောသည်။

“စစ်တပ်ထောက်ခံတဲ့သူတွေကတော့ ရာထူးတိုးပေါ့။ ဒီဟာကြီးကိုကာကွယ်လိုက်နိုင်လို့ ရာထူးတိုးလို့ပြောတယ်။ တပ်တွင်းအခြေအနေ ဖရဲသီးကပြောတာကတော့ညတွင်းချင်း ရဟတ်ယာဥ်နဲ့ ဒီငါးယောက်ကိုအားချင်း လာခေါ်သွားတယ်ပေါ့။ အရေးယူဖို့ ချုပ်ပြီးတော့ စစ်နေတယ်လို့ပြောတယ်။”ဟု မိတ္ထီလာပကဖတာဝန်ခံ ဦးနောင်ချိုက ပြောသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်က မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း ၊ တပ်မ ၉၉ ဌာနချုပ်တို့အား တိုက်ခိုက်ခံရမှုအတွင်း တပ်တွင်းထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

(ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ ၉၉ ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ဓာတ်ပုံ-မိတ္ထီလာပကဖ)
(ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ ၉၉ ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ဓာတ်ပုံ-မိတ္ထီလာပကဖ)

ထို့နေ့ ညနေပိုင်းတွင် ရှမ်းတဲလေတပ်စခန်းမှ လေကြောင်းရန်ကာကွယ်ရေး အရာရှိ ၂ ဦး၊ အခြားအဆင့် သုံးဦးတို့အား လေကြောင်းရန် ကာကွယ်ရေးစနစ် တာဝန်ပေါ့လျော့မှု​ဖြင့် အရေးယူရန် နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ကြောင်း တပ်တွင်းအရင်းအမြစ်သတင်းပေးပို့မှုအပေါ် ဦးနောင်ချိုက ပြောသည်။

တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးအဖြစ် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့အား ဒရုန်း ၂၄စီးဖြင့်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၆ဦးထက်မနည်း ထိခိုက်ခဲ့ပြီး Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း ၎င်းင်းက ဆိုသည်။

“ထိခိုက်ပျက်စီးမှုက တော်တော်များပါတယ်။ ရှမ်းတဲနဲ့ ၉၉ ကို အဓိကထားတဲ့အတွ​က် ရှမ်းတဲမှာ Y12 လေယာဥ်နှစ်စီးထိပါတယ်။ ထုတ်လုပ်ရေးဂိုဒေါင်နှစ်ခု ထိခိုက်တယ်။ အဆောက်အဦးနှစ်ခု ထိခိုက်တယ်။ ရှမ်းတဲက ဗိုလ်မှူးတစ်ယောက်နဲ့ လမသက ဗိုလ်မှူးတစ်ယောက်၊ စစ်သည်လေးဦးထက် မနည်း ထိခိုက်ခဲ့ပါတယ်။”ဟု ဦးနောင်ချိုက ပြောသည်။

စစ်ဆင်ရေးအား တစ်နှစ်အချိန်ယူ၍ ပြင်ဆင်ခဲ့ပြီး တစ်လေးလုံး ရွှေလင်းယုန်အထူးစစ်ဆင်ရေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှုဖြင့် Shar Htoo Wow နည်းပညာအသုံးပြုကာ မိတ္ထီလာ မြို့နယ် ပကဖ၊မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊မိတ္ထီလာ တပ်ရင်း (၃)၊၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊မြင်းခြံခရိုင် တပ်ရင်း (၈)၊ အမည်မဖော်လိုသည့် မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုအပြီးတွင် ရှမ်းတဲလေတပ်မှ သတင်းအမှောင်ချရန် စစ်သည်မိသားစုများ၏ တယ်လီဖုန်းများအား သိမ်းဆည်းခဲ့ကြောင်း၊ ထို့အပြင် မီးသတ်ကားနှစ်စီးလည်း ဝင်ရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း ဦးနောင်ချိုက ဆိုသည်။

ယင်းစစ်ဆင်ရေးအတွင်း တစ်စီးလျှင် ၃၅သိန်းတန် ဒရုန်း ၇စီး ပျက်ကျဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့သည် တော်လှန်ရေးအဖွဲ့များ၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် လေတပ်ထိန်းချုပ်ခွဲရုံးရှိသော စုမှူးဗိုလ်ကြီး တစ်ဦးနှင့် စစ်သားလေးဦး နေရာတွင် သေဆုံးခဲ့ပြီး အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် လေယာဥ်အပိုပစ္စည်းထားသည့် အဆောက်အအုံ မီးလောင်ပျက်စီးခဲ့၍ စက်ပြင်စစ်သား နှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု သတင်းရရှိထားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။

ထို့ပြင် လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။

တပ်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးကလည်း တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၊ ကာမေကာဇေ Fix Wing ဒရုန်းများဖြင့် ၁၄လုံး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရှမ်းတဲ လေဆိပ် Apron(ဥပစာ)နှင့် လေယာဥ်ထုတ်လုပ်လုပ်ပြင်ဆင်ရေးဌာနချုပ်(လထခ)ဘက်သို့ ၄လုံးခန့်ကျရောက်ခဲ့ကြောင်း၊ ရှမ်းတဲ လေတပ်စခန်းရှိ Y12 လေယာဥ်ထားသည့်ရုံဘေးကိုလည်း ကာမေကာဇေ Fix Wing ဒရုန်းတစ်လုံး ကျရောက်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း​ ပြောသည်။

မကြာသောကာလတွင် မိတ္ထီလာရှိစစ်ရေးပစ်မှတ်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ် သုံးလုံးနှင့် အိမ်စီးကားများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၀ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၉ရက်တွင်လည်း လောင်းရှည်မြို့ရှိ ကပစမှ တာဝေးပစ်ဒုံးဖြင့် မင်းတပ်မြို့အနီးဝန်းကျင်များ လေးကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံက အသိပေးသည်။

သတင်း

AAPP ရဲ့ စာရင်းအရ အခုနှစ် ၁၀ လတာအတွင်း လေကြောင်းတိုက်ခိုက်မှု တွေ ကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ်နီးပါး အရပ်သား သေဆုံးမှု ရှိခဲ့တာပါ။

Facebook