အင်ကြင်း/People’s Spring
မိတ္တီလာမြို့ရှိ စစ်ကောင်စီ၏ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉) အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ယနေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်း၊ မိတ္တီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်မြို့လုံး သိသာစွာ ကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
“စုစုပေါင်း၂၄လုံးပါ။ အိမ်တွေတောင် တုန်သွားတယ်။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

ရှမ်းတဲလေတပ်ပစ်ခတ်ခံရမှုမှန်ကန်ပြီး စစ်ကောင်စီက သတင်းဖုံးဖိထား၍ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။
ထို့အပြင် မိတ္ထီလာမြို့အခြေစိုက်ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တွင်လည်း ပစ်ခတ်သံများကြားရကြောင်း ဒေသခံက ပြောသည်။
” အမျိုးသမီးနဲ့ကလေးတွေ အထုပ်ဆွဲပြေးဖို့ ဘာညာလုပ်ကြသေးတယ်”ဟု ၎င်းက ပြောသည်။
” ထီလာဆည်မြောင်းဘက်က ပလစ ၃တပ်ကိုပစ်တယ်လို့ အစောပိုင်းက နဦးတုန်းကထင်ကြတာ။ အဲတပ်ဘက် ပစ်တာမဟုတ်ဘူး အဓိကက (၉၉)နဲ့ ရှမ်းတဲပစ်တာ”ဟု ဒေသခံက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သာယာမြောက်၊ မကျီးစုရွာအနီးနှင့် စစ်ကောင်စီ၏ ကင်းများရှိရာသို့ ကျရောက်သည်ဟု ကြားသိရကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။
“ရွာဘက်ကနေတော့ ကြားလိုက်ရတယ်။ ဘာမှန်းမသိတာ။”ဟု မိတ္ထီလာမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် အချို့ကလည်း ရှမ်းတဲလေတပ် တိုက်ခိုက်ခံရမှုကို အတည်ပြုသော်လည်း လူနေရပ်ကွက် များအတွင်းသာကျသည်ဟုရေးသား ဝါဒဖြန့်နေကြသည်ကိုတွေ့ရသည်။
ရှမ်းတဲလေတပ်စခန်းသည် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်နေသည့် လေတပ်စခန်းတစ်ခုဖြစ်သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။
နိုဝင်ဘာ ၅ ရက်ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်း၊ နိုဝင်ဘာ ၉ ရက်တွင် မှော်ဘီလေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။
(မိတ္တီလာမြို့ရှိ စစ်ကောင်စီ၏ ရှမ်းတဲလေတပ်စခန်းအား တွေ့ရစဥ်/ ရှော့တိုက်ဒုံးပစ်ခတ်နေစဥ်(ပုံအဟောင်းဖြစ်ပါသည်)/ တပ်မ ၉၉ လက်မောင်တံဆိပ်။ ။ ဓာတ်ပုံ – CJ)
