ဆဏ်း / People’s Spring
အာဏာသိမ်းခေါင်းဆောင်၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင်သော 7 Senseရုပ်ရှင်ထုတ်လုပ်ရေး မှရိုက်ကူးထားသည့် အိပ်မက်ကာရန် ရုပ်ရှင်ကို ထုတ်လုပ်ရေး အမည်ပြောင်းပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရုံတင်ရန် စီစဉ်နေသည်။
အိပ်မက်ကာရန် ရုပ်ရှင်ကို 7Sense ထုတ်လုပ်ရေးက ၂၀၁၉တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နေတိုး ၊လွှမ်းပိုင် ၊ စိုင်းစည်တွမ်ခမ်း ၊ နီနီခင်ဇော် တို့အဓိကပါဝင်ကာ ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးထားသည်။
နိုဝင်ဘာ ၁၅ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အတွင်း ရုံတင်မည့် ဇာတ်ကားစာရင်းထွက်ပေါ်လာရာ ယင်းဇာတ်ကားကို ရက်ဒ်ဒီ ထုတ်လုပ်ရေးအနေဖြင့် နိုဝင်ဘာ ၂၉ တွင် ရုံတင်မည်ဟု ထုတ်လုပ်ရေးအမည်ပြောင်းထားခြင်းဖြစ်သည်။ရုပ်ရှင်ပိုစတာမှာလည်း နာမည်ကျော် La La land ဟောလီးဝုဒ် ရုပ်ရှင် မှစိတ်ကူးကို ယူထားခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။

Public Service Announcement
စစ်ခေါင်ဆောင်သမီးပိုင်ဆိုင်မှုပါဝင်သည့် 7 Sense ထုတ်လုပ်ရေးအနေဖြင့် အာဏာသိမ်းပြီးနောက် ပြည်သူများ၏ သပိတ်မှောက် မှုကြောင့် ၎င်းတို့၏ ဇာတ်ကားများ ရုံတင်ခြင်းကို ရပ်နားထားခဲ့သော်လည်း ၂၀၂၃ တွင်စတင်၍ ထုတ်လုပ်ရေး အမည်အမျိုးမျိုးပြောင်းလဲကာ ရိုက်ကူးထားသည့် ဇာတ်ကားများကို ရုံတင်ပြသနေခြင်းဖြစ်သည်။
W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ် စသဖြင့် ထုတ်လုပ်ရေးအမည်မျိုးစုံဖြင့် 7 Sense ထုတ်လုပ်ရေးကရိုက်ကူးထားသည့် ဇာတ်ကားများကို ရုံတင်ပြသနေခြင်းဖြစ်သည်။ လက်ရှိရုံတင်နေသည့် ကျားကျားနွဲ့နွဲ့ ရုပ်ရှင်သည်လည်း 7 Sense ၏ အမည်ခွဲ Golden Heart အမည်ဖြင့် ရုံတင်ပြသနေခြင်းဖြစ်သည်။ ကျားကျားနွဲ့နွဲ့တွင်ပါဝင်သည့် အလှဖန်တီးရှင်များကို 7 Sense က ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဖြင့် ပွဲဦးထွက်ရိုက်ကူးခဲ့ရာ အောင်မြင်ခဲ့သောကြောင့် ယင်းဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အထက်ပါထုတ်လုပ်ရေးများအပြင် ဘိုဘိုအင်တာတိန်းမန့်မှ ဘိုစန်းက အမည်ခံ၍ ရုံတင်သည့် ရုပ်ရှင်များလည်းရှိပြီး ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးသည့် ဇာတ်ကားများကို ထုတ်လုပ်သည့် ခတ္တိယ ထုတ်လုပ်ရေးသည်လည်း 7Sense ၏ အမည်ခွဲဖြစ်အောင်ကြောင်း အနုပညာ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကသုံးသပ်ထားသည်။
အထက်ပါထုတ်လုပ်ရေးများသာမက ဇာတ်လမ်းတွဲများကို ထုတ်လုပ်နေသည့် Hey Play Channel နှင့် သီချင်းများထုတ်လုပ်နေသည့် V7 Entertainment သည်လည်း 7 Sense လက်အောက်ခံကုမ္ပဏီများဖြစ်သည်။
7 Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ် နှင့်နီးစပ်သူများ၊ ခရိုနီများပူးပေါင်း တည်ထောင်ထားသောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အမေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7 Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။
ပြည်သူများကလည်း အာဏာသိမ်းခေါင်းဆောင်နှင့် စစ်တပ်ကိုသပိတ်မှောက် နေသောကြောင့် 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးမှာ အမည်ခွဲများစွာဖြင့်လူထု သပိတ်မှောက်မှုကိုရှောင်ရှားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
