သတိုး၊ဇေအောင်/People’s Spring
၁၀၂၇ အပိုင်း(၂) နှင့် ရှမ်းမန်းစစ်ဆင်ရေး ပူးပေါင်းပါဝင်သည့်အနေဖြင့် မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယနေ့ (စက်တင်ဘာ ၃ ရက်) နံနက် ၄နာရီကျော် က မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း Brave Warriors for Myanmar (BWM)အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံးပစ်ခတ်ခဲ့ရာ ခုနစ်လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း BWM က အသိပေးသည်။

Public Service Announcement

“အားလုံးနီးပါး လပခထဲကို ကျပါတယ်၊ အထိအခိုက်တော်တော်များတယ်လို့သိရပါတယ်၊ တော်တော်ကြီးကြီးမားမားထိတယ်၊ ကနဦးစုံစမ်းချက်အရတော့ နန်းတွင်းမှာ ဒုချုပ် စိုး၀င်း ပီအေ ဗိုလ်မှူးကြီး တစ်ဦးနဲ့ အရာရှိ ၃ ဦး အပါအ၀င် စုစုပေါင်း ၁၈ ဦးထိခိုက်ဒဏ်ရာရ ပြီး ၄ ဦး စိုးရိမ်ရ တယ်၊ စိုး၀င်းလည်း ရဟတ်ယာဥ်နဲ့ နေပြည်တော် ပြန်ရောက်လာတယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။”ဟု BWM မှတာဝန်ရှိသူကပြောသည်။
ယနေ့မစ်ရှင်လုပ်ဆောင်သည့် အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။
“လောလောဆယ် နန်းတွင်းအဝင်အထွက်ကို သူတို့ စစ်သားအချင်းချင်းတောင် အဝင်အထွက်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့သိရတယ်။”ဟု BWM မှ တာဝန်ရှိသူက ပြောသည်။
လပခသည် ရှမ်းမန်းစစ်ဆင်ရေးအတွင်း တန်ပြန်ခုခံနေသော တပ်စခန်းများအား အဓိက ကွပ်ကဲနေသည့် အရေးပါသော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှ တစ်ခုဖြစ်ကြောင်း၊ ယခုအခါ တော်လှန်ရေး အင်အားစုများက အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)ကို ဖြိုခွင်းသိမ်းပိုက် နိုင်ခဲ့ပြီးဖြစ်၍ ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြိုလဲရန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထပ်မံအသိပေးသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
ယနေ့ စစ်ဆင်ရေးသည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို နှစ်ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမအကြိမ် တိုက်ခိုက်ခဲ့သေးသည်။
ယနေ့နံနက်ပိုင်းပစ်ခတ်မှုတွင် လပခမြောက်ဘက်မြောက်ပြင်ရပ်ရှိ လမ်း ၈၀၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြားရှိ ကိုရီးယားအကြောပြင်ဆိုင် တိုက်အပေါ်ဆုံးထပ်သို့လက်နက်ကြီးတစ်လုံးကျရောက်ခဲ့ကာ အမိုးပွင့်ကာ လူထိခိုက်မရှိကြောင်း၊ ဒုတိယတစ်လုံးမှာ အမှတ် (၄)ရဲစခန်း ရှေ့တိုက်သို့ ကျရောက်ကာ တိုက်နံရံပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ၊တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း MDY Revolution အဖွဲ့က ဖော်ပြသည်။
ထို့အပြင် မန္တလေးမြို့၊ ညောင်ကွဲရပ်၊ ၈၉လမ်း၊ ၈လမ်းနှင့် ၉ လမ်းကြားရှိ တိုက်တစ်လုံးလည်း ရှော့တိုက်ဒုံးထိမှန်၍ ထိခိုက်ပျက်စီးပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အိမ်ပေါ်ကျမလို အသံကြီးက ရွှီးဆိုပြီး မြေတုန်ခါသွားတယ်။ အိမ်ပါတုန်တယ်။သူရဲစျေး ဘူတာစျေးနားက အိမ်တစ်လုံးပေါ် ကျတယ်ပြောတယ်။”ဟု မန္တလေးမြို့မြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
မန္တလေးအထွက် မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီတပ်များရှိရာ ရွှေကျင်တိုးဂိတ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
ယခုပစ်မှတ်များသည် စစ်တပ်၏ ကင်းနေရာများအား အဓိကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုယူဆရ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးဆုံးနေရာများမှ ရှောင်ရှားနေသင့်ကြောင်း MDY Revolution က သတိပေးသည်။
တိုက်ခိုက်ခံရပြီးနောက် မတ္တရာမြို့နယ် ညောင်ကုန်း(မြောက်ရွာ)မှ သုံးဆယ်ပေးရွာဘက်သို့ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း MDY Revolution က ထပ်မံအသိပေးသည်။
BWM နှင့် မဟာမိတ်အဖွဲ့များသည် ၁၀၂၇ အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်၂၀၂၄ ခုအတွင်း အေလာလေတပ်စခန်းအား ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို သုံးကြိမ်၊ တံတားဦး လေတပ် စခန်းအား တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ အာဏာသိမ်းစစ်တပ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့က အသိပေးထားသည်။
မြောက်ပြင်ရပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ နန်းတွင်း၏ မြောက်ဘက် တွင်တည်ရှိပြီး မတ္တရာမြို့နယ်ဘက်သို့ထွက်သည့်ဘက်အခြမ်းတွင် တည်ရှိသည်။ စစ်ကောင်စီတပ်သည် သြဂုတ်လဆန်းပိုင်းကတည်းက မန္တလေးတိုက်ခိုက်ခံရမည်ကိုစိုးရိမ်၍ မန္တလေးတောင်ပေါ်၌ လက်နက်ကြီးပါ တပ်ဆင်ထားကြောင်း၊ ထို့အပြင် မြို့တွင်းအထပ်မြင့်အဆောက်အအုံများ၌ပါ ကင်းချကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
