ဟန်နွေ/People’s Spring
စစ်ကောင်စီတပ်ကို တွန်လှန်ဖယ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များအားလုံး ညှိနှိုင်းချဉ်းကပ်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန် နှင့် တိုက်ပွဲဝင်မှုတိုင်းက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုရှေးရှုသည့် နိုင်ငံရေး ဦးဆောင်မှု၊ ကျင့်ဝတ်စည်းမျဉ်းလိုက်နာမှုများနှင့် တပြိုင်တည်း တည်ဆောက် တိုက်ပွဲဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ်ပဒိုစောတာဒိုမူးက တိုက်တွန်းလိုက်သည်။
နိုဝင်ဘာ ၅ရက်ကပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် K2C (KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF)တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုတာဒိုမူးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
” တော်လှန်ရေး အစုအဖွဲ့တွေကိုလည်း ကျနော်က ပြောလိုတာက ဘုံရပ်တည်ချက်ကို ကျနော်တို့ coordinated approach(ညှိနှိုင်းချဉ်းကပ်မှု)နဲ့ ဘယ်လိုညှိနှိုင်းလုပ်ဆောင်ပြီးတော့ အတူတကွ တာဝန်ခွဲဝေယူအကောင်အထည် ဖော်ကြမလဲဆိုတာကို space တစ်ခုဖွင့်ပြီး စကားပြောကြရအောင်ပါ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ ERO(တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့) တွေရွတ်ရွတ်ချွန်ချွန်နဲ့ ထည်းထည်းဝင်ဝင်နဲ့ စစ်တပ်ကို ပြန်ပြီးတော့တွန်းလှန်ဖယ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံးကိုလည်း coordinated approach နဲ့ ဆက်လက်တိုက်ပွဲ ဝင်ကြမယ်။ တခါတည်းမှာပဲ တိုက်ပွဲဝင်မှုတိုင်းကလည်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ရှေးရှုတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ codes of conduct လိုက်နာမှုတွေနဲ့ တပြိုင်တည်း တည်ဆောက်ပြီးတိုက်ပွဲဝင်ရင်း ကျနော်တို့ ဘုံအတူတကွ ပါဝင်သွားကြပါစို့လို တိုက်တွန်းလိုပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

Public Service Announcement
လက်ရှိ တော်လှန်ရေးသည် ပြည်သူ့ တော်လှန်ရေးဖြစ်ပြီး တော်လှန်ရေး၌ပါဝင်သူများအားလုံးက ပထဝီနိုင်ငံရေး၏ ချောက်ထဲသို့ မကျရန် သတိထား ဆင်ခြင်ရမည်ဖြစ်သကဲ့သို့ မိမိလိုချင်သည့်ပန်းတိုင်ရောက်ရှိရေး ကြိုးစားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ကို တိုက်ခိုက် နေခြင်းသည် စစ်တပ်၏ လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှု ဗုံးကြဲမှု၊ လက်နက်ကြီးနှင့် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည့်စစ်ဘေးရှောင်ပြည်သူများ အပါအဝင် နယ်မြေအတွင်းက ပြည်သူလူထုအတွက် အုပ်ချုပ်ရေး နှင့် အခြေခံပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ ပေးအပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ပဒိုစောတာဒိုမူးက ပြောသည်။
NUGနှင့် မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ယခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံရေးသဘောတူညီချက်၌ ဘုံနိုင်ငံရေးဦးတည်ချက် ၆ချက်ရှိကြောင်း ပဒိုတာဒိုမူးက အသိပေးထားသည်။
အဆိုပါ အချက် ၆ချက်၏ အနှစ်သာရကိုချုပ်ပါက အချက် သုံးချက်သာရှိပြီး စစ်အာဏာ သိမ်းထားမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေး၌ပါဝင်နေခြင်းအားအဆုံးသတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဌာန်းရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်မှု ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုလုပ်ငန်းစဥ်ကို ဖော်ဆောင်ရေးတို့ ဖြစ်သည်ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
ထို့အပြင် အာဆီယံကလည်း မြန်မာ့အရေးနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ထားရာ အရေးပါသည့် အချက် ၃ချက်ရှိကြောင်း၊ ယင်းတို့မှာ အကြမ်းဖက်မှုများ လျှော့ချရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲနှင့် လူသားချင်စာနာမှု အကူအညီ တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။
” အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် ဆိုတဲ့အချက်ကိုကြည့်ရင် မြန်မာစစ်တပ်ဟာ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ မြန်မာ ပြည်သူပြည်သားများအပေါ် ‘လုံးဝဥဿုံစစ်ပွဲ’ (Total War) အသွင်ဖြင့် အရှိန်မြှင့်လုပ်ဆောင် ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် တွေရဲ့ ၇၁ ရာခိုင်နှုန်း ဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အရှိန်ပြင်းထန်မှု ကို သက်ရောက် ခံစားနေရပါတယ်။ လေယဥ်နဲ့ ဗုံးကြဲတာတွေကို တိုးမြှင့်လုပ်ဆောင် နေပါတယ်။ De-escalation နှင့်ဆန့်ကျင်ပြီး escalation ကိုလုပ်နေတာ စစ်တပ်ဘဲဖြစ်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောသည်။
ASEAN နှင့် UNအပါအဝင် နိုင်ငံတကာကို အကြံပြုလိုသည့် အချက်မှာ လေယာဉ်ဆီ၊ အမြောက် လက်နက်ကြီးကျည်များ၊ လက်နက်ငယ်များ၊ ခဲယမ်းမီးကျောက်များနှင့် လက်နက်များ ထုတ်လုပ်သည့် ပစ္စည်းများ မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့နေခြင်းများသည် ပဋိပက္ခကို တိုးမြှင့် စေပြီး စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်တာဖြစ်၍ ရပ်တန်းက ရပ်ရန် ဝိုင်းတွန်းအားပေးရမည်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။
၂၀၂၁မတ်လ ကနေ ၂၀၂၄ ဩဂုတ်အထိ စစ်ကောင်စီသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ရေ ၅၀၀၀ ကျော် ပြုလုပ်ခဲ့ရာ ကရင်နီ ပြည်နယ်တစ်ခုတည်း၌ပင် လေကြောင်း တိုက်ခိုက်ခံရမှု (၁၇၈၅)ကြိမ် ထက်မနည်း ရှိခဲ့သည်ဟု ဆိုသည်။
