အင်ကြင်း/People’s Spring
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး ပျူစောထီးအချို့ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၃၀ရက်) ညနေ ၆ နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆လမ်းနှင့် ၁၃၃ လမ်းထောင့်ရှိ(ဇ)ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရုံးတွင်းရှိ ပျူစောထီးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“ပျူအထိအခိုက်တော့ရှိပေမယ့် ကနဦးသတင်းအရတော့ အတိအကျကို မသိရသေးပါဘူး။”ဟု မန္တလေးမြေပြင်သတင်းများ ရေးသားနေသည့် Voice Of Mandalay ချန်နယ်က ရေးသားထားသည်။

Public Service Announcement
ထို့အပြင် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ရသည့် အသေးစားဒဏ်ရာ ရရှိခဲ့ကြောင်း၊ ရုံးရှေ့ရှိ အိမ်စီးကား ၂စီးလည်း ပျက်စီးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။

ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး လမ်းသွားလမ်းလာ လူငယ်များအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
အောက်တိုဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံတိုက်ခိုက်မှုခံခဲ့ရသည်။
သို့သော် အဆိုပါ ပစ်ခတ်မှုကိုမူ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တရုတ်အစိုးရကြား နားလည်မှုလွဲစေရန် စစ်ကောင်စီက တမင်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးရဲဘော်အချို့က သုံးသပ်ထားသည်။
