မြို့တော် အန်ကာရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ကာ့ဒ်အလုပ်သမားပါတီ (PKK)ရဲ့ လက်ချက်လို့ တူရကီက တပ်အပ် စွပ်စွဲပြီး ဆီးရီးယားမြောက်ပိုင်းနဲ့ အီရတ်မှာရှိတဲ့ PKKပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့တုန်းက အန်ကာရာမှာရှိတဲ့ ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တစ်ခုကို သေနတ်သမားတွေက စီးနင်း တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ အဲဒီနေ့ ညပိုင်းမှာတင် PKK ပစ်မှတ် ၃၂ ခုကို ဗုံးကြဲခဲ့တယ်လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
တူရကီ အစိုးရပိုင် အနာဒိုလူ သတင်းစာက PKK ပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး လေကြောင်း စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ တူရကီ စစ်တပ်ဟာ အကြမ်းဖက်သမားတွေ တစ်ယောက်တစ်လေတောင် မကျန်တဲ့ထိ ဆုံးခန်းတိုင်အောင် ချေမှုန်းသွားဖို့ ရည်ရွယ်ထားကြောင်းလည်း အနာဒိုလူက ကာကွယ်ရေး ဝန်ကြီးဌာန အာဘော်ကို ကိုးကား ရေးသားထားခဲ့ပါတယ်။

Public Service Announcement
အောက်တိုဘာ ၂၃ ရက်နေ့တုန်းက အန်ကာရာမှာရှိတဲ့ တူကီ လေကြောင်းသိပ္ပံ စက်မှု ကော်ပိုရေးရှင်း (TUSAS)ရဲ့ ဌာနချုပ်ကို လက်နက်ကိုင် အနည်းဆုံး နှစ်ဦးက ပစ်မှတ်ထား စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးသေပြီး ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
TUSASဟာ အစိုးရပိုင် ကာကွယ်ရေး နည်းပညာနဲ့ စက်မှု လုပ်ငန်းကြီး တစ်ခုဖြစ်ပြီး အဓိအားဖြင့် စစ်ဘက်နဲ့ အရပ်ဖက် လေယာဉ် အစိတ်အပိုင်းတွေကို ထုတ်လုပ်ပါတယ်။
အန်ကာရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တူရကီ အစိုးရရဲ့ နံပါတ်တစ် ရန်သူတော် PKKကရော၊ တခြား ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ယူ ကြေညာထားတာ မရှိသေးပါဘူး။ ပြည်ထဲရေး ဝန်ကြီးဌာနက သေနတ်သမားတွေထဲက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြောပေမယ့် နောက်ထပ် ကြံရာပါတွေ ရှိသေးသလား ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။
TUSASမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့အချိန် ပေါက်ကွဲသံတွေကို ကြားခဲ့ရပြီး မီးခိုးလုံးတွေ အူထွက်လာတာ တွေ့ရကြောင်းလည်း အန်ကာရာ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ TUSAS ဝန်ထမ်း ၄ ဦးနဲ့ အဲဒီ အကြမ်းဖက်သမားတွေကို အကြောင်းမသိဘဲ ကုမ္ပဏီ ဂိတ်ပေါက်ဝဆီ ခေါ်ဆောင်လာမိတဲ့ တက္ကစီ ယာဉ်မောင်း ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာ့ဒ်လက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ PKKကို တူရကီ အစိုးရနဲ့အတူ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတချို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာထားပါတယ်။
ကိုးကား: CNN
