close
Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့ကို ကောလင်းခရိုင်ရှိ PDFနှင့်ပကဖများ တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ဟု KIA အသိပေး

လက်နက်ခဲယမ်းများစွာသိမ်းရဟုဆို

ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက (အောက်တိုဘာ ၈ရက်) သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၅ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမှတ်(၁)စစ်ဒေသ ကောလင်းခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များ ပူးပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြသည်။

ပင်လည်ဘူးမြိုရှိ စစ်ကောင်စီတပ်စခန်း ခမရ(၁၆)၊ခမရ (၃၆၃)၊ ခမရ(၃၆၈)၊ ခလရ(၈၇)၊ ခမရ(၁၀၁)၊ခလရ(၃၀၁) တပ်ရင်းများနှင့် ရဲ၊ SNA ၊ ပျူစောထီးတပ်ဖွဲ့များကို နှစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ရပြီး ယမန်နေ့နံနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ စစ်လက်နက်အများအပြား သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

အမှတ်(၁)စစ်​ဒေသနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG၊ ကာကွယ်​ရေးဝန်ကြီးဌာနကွပ်ကဲမှုဖြင့် PDFနှင့် မဟာမိတ်တပ်​များ ထိုးစစ်ဆင်​နေသည့် ပင်လည်ဘူးမြို့ရှိ စစ်တပ်စခန်း​များအား အပြီးသတ်သိမ်းပိုက်ခြင်းဟု စစ်​ရေးသတင်းရင်းမြစ်အချို့က ​လူထုနွေဦးသို့ ပြောသည်။

ပင်လည်ဘူးတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားသော်လည်း KIA သတင်းပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်၌ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင် ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ လက်နက်ချခဲ့ရသည်ဟု ဖော်ပြထားပြီး အသေးစိတ်အခြေအနေများ အတည်ပြုနိုင်ရေး စုံစမ်းနေဆဲဖြစ်သည်။ မြေပြင်စစ်ကူမရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရသည့် အခြေအနေဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တစ်ခုတွင် ရေးသားထားသည်။

ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီသည် ယမန်နေ့နေ့လည်ပိုင်းကစတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

” စခန်းအသေးတွေကို လက်လွှတ်လိုက်ရပြီးတဲ့နောက် စစ်ကောင်စီက ရဲစခန်းမှာ အခိုင်မာတပ်စွဲပြီး ခံစစ်ပြင်ခဲ့တာပါ။ သူတို့ကို လနဲ့ချီပြီး ရိက္ခာဖြတ်တောက်ခဲ့ပါတယ်။ ဒီကြားထဲမှာ တိုက်ပွဲတွေလည်း အပြင်းအထန်ဖြစ်ခဲ့ပြီး ကိုယ့်ဘက်ကထိခိုက်မှုတွေလည်းရှိခဲ့တယ်။ စစ်အုပ်စုက တောင့်မခံနိုင်တော့တဲ့အတွက် လက်နက်ချတာပါ”ဟု စစ်ကိုင်းတိုင်းမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ရက်ပေါင်း ၅၃ရက်တိတိကြာမြင့်ခဲ့ပြီး စစ်သုံ့ပန်းအများအပြားဖမ်းမိထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်များအား ၎င်းတို့သွားလိုသည့် ဝန်းသိုမြို့သို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝန်းသိုမြို့သည် ပင်လယ်ဘူးမြို့နယ်ထိဆက်နေပြီး စစ်ကောင်စီ၏ ခမရ(၁၀၂)အခြေစိုက်သည်။

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိထားကာ စစ်သုံ့ပန်း ၅၀ခန့် ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားခြင်းဟု အသိပေး

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာ ၈ရက်)နံနက်ပိုင်းတွင် သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီသည် နေ့လည်ပိုင်းကစတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကူသွားသည့် ဂန့်ဂေါမြို့ခလရ(၅၀)တပ် စစ်ကြောင်းမှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သတင်း

အမှတ်(၁)စစ်​ဒေသ ကွပ်ကဲမှုနဲ့ PDF နဲ့ မဟာမိတ်တပ်​တွေ ထိုးစစ်ဆင်​နေတဲ့စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့က စစ်တပ်စခန်း​တွေကို ဒီက​နေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ပြီလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။