မေ ၂၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုဘက် ပူးပေါင်းနိုင်ရေး အခွင့်အရေးများကို တော်လှန်ရေးအင်အားစုများက လမ်းဖွင့်ပေးထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနတာဝန်ခံ စောဒိုရှီက ပြောသည်။
PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ၎င်းက စစ်ရှိန်မြှင့်သွားရန်ရှိကြောင်း အသိပေးပြီး ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ ၊ နေပြည်တော်တို့ ပါဝင်သည်။
“ရှေ့ဆက်ပြီး ကျနော်တို့က စစ်ရေးအရှိန်မြှင့်တင်သွားမှာဖြစ်တယ်။ ဒီအပေါ်မှာလည်း ပြည်သူတွေကို အမြဲတမ်းလိုလို ထုတ်ပြန်ချက်တွေ သက်ဆိုင်ရာ စိုးမိုးနယ်မြေအတွင်းမှာ ရှိတဲ့ ပြည်သူလူထုကို လေကြောင်းရန်နဲ့ ပတ်သက်လို့ လက်နက်ကြီး၊ လေယာဉ် မြေမြှုပ်မိုင်း စသဖြင့် ဒါနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ တောက်လျှောက် ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေက လုပ်ဆောင်နေတာရှိတယ်”ဟု စောဒိုရှီက ပြောသည်။

Public Service Announcement
စစ်ကောင်စီ လက်အောက်ခံတပ်များ ပြည်သူ့ဘက် ပူးပေါင်းရန် အခွင့်အရေးကို အစဉ်တစိုက်လမ်းဖွင့်ပေးထားသည်ဟု ၎င်းက ပြောသည်။
” ဒီကြားထဲမှာ စစ်ကောင်စီတပ်သားတွေတင်မကဘဲနဲ့ ပြည်သူ့စစ်တွေ ပျူစောထီးတွေ ဒီလိုလူတွေကလည်း ကျနော်တို့ နယ်မြေအတွင်းမှာ ဖမ်းဆီးခံရတာ တခါတလေ လူသားဒိုင်းလုပ်ခံရတာတွေ တောက်လျှောက်ကြုံနေတယ်။ ဒီအပေါ်မှာ သူတို့ သတိပြု ဆင်ခြင်ဖို့ အချိန်တန်ပြီလို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်”ဟု စောဒိုရှီက ပြောသည်။
လက်ရှိတွင် စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး စစ်ဆင်ရေးများ၊ ရန်ကုန်-မန္တလေး အမြန်လမ်း စစ်ဆင်ရေးများ၊ ဆောင်ရွက်ခဲ့ပြီး ယင်းမတိုင်ခင်ကလည်း တောင်တန်းမှ မြေပြန့်သို့ စနစ်တကျ တရိပ်ရိပ်ချီတက်ခဲ့ကြောင်း ပြောသည်။
“ကျိန်းသေပေါက်ကတော့ ကျနော်တို့ အိမ်ပြန်လမ်းတွေ မြေပြန့်လမ်းတွေကို စနစ်တကျချီတက်လာပြီ။ ကျနော်တို့ အိမ် ကျနော်တို့ စနစ်တကျ ပြန်လာပြီဖြစ်တဲ့အတွက်တော့ ကျနော်တို့သည် ကျိန်းသေပေါက် ရောက်လာတော့မယ်။ ရောက်နေဆဲနေရာတွေလည်းရှိတယ်။ ရှေ့ဆက်တိုးမယ့် အခြေအနေတွေလည်းရှိတယ်။ ဒီအခြေအနေမှာတော့ သတိပြု ဆင်ခြင်ဖို့နဲ့ ဒီဘက်မှာ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ သက်ဆိုင်ရာ မတရားစစ်မှုထမ်းခံရတဲ့ ရဲဘော်တွေ အနေနဲ့လည်း နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့ စခန်းတွေကနေ သက်ဆိုင်ရာ လက်နက်တွေကို ယူပြီး ကျနော်တို့ဆီ ခိုလှုံကြဖို့ ဒါသာလျင် သူတို့အတွက် နောက်ဆုံးထွက်ပေါက်ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ အကြံပြု ပြောလိုပါတယ်”ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ခံ စောဒိုရှီက ပြောသည်။
ပဲခူးအနောက် ၊ စစ်တောင်းမြစ်ဝှမ်းတလျှောက် စစ်ရေး ဖော်ဆောင်လာသည်နှင့်အမျှ စစ်ကောင်စီကလည်း စစ်တောင်းမြစ်ဝှမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခြင်း၊ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ အစဉ်လုပ်ဆောင်နေသည်ဟု ၎င်းကပြောသည်။
တော်လှန်ရေးတပ်များအနေဖြင့်လည်း စစ်မက်ဖြစ်ပွားရာဒေသရှိ စစ်ရှောင်များကို လူသားစာနာ အကူအညီများ တက်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိဟု ပြောသည်။
PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်များပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီလကုန်ပိုင်းက ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲရြ နေရာ ၅ခုထက်မနည်းကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်များခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဧပြီ ၂၈ရက်၌ပင် ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ် ၁၀ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်းလည်း အသိပေးထားသည်။
