close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် TNLA ထပ်မံဆွေးနွေး

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာပေးရန် စစ်ကောင်စီ တောင်းဆိုချက် TNLA သဘောမတူ

၂၀၂၄ခုနှစ်က စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော TNLAရဲဘော်များ။ ဓာတ်ပုံ − TNLA

မေ၂၊၂၀၂၅။ဟန်နွေ/People’s Spring

တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ယနေ့ (မေလ ၂ရက်)တွင် ထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈ရက်နှင့် ၂၉ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန် ဆွေးနွေးခဲ့ဟု ဆိုသည်။

စစ်ကောင်စီကိုယ်စားလှယ်တို့က TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ TNLA တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူနိုင်၍ နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်တွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု အသိပေးသည်။

လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်သည်။

တရုတ်အစိုးရသည် ကိုးကန့်တပ် (MNDAA)နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေး ဖြစ်ပေါ်စေရန် MNDAA ကို ဖိအားပေးခဲ့၍ ယခုနှစ်ဆန်းတွင် အပစ်ရပ်စဲရေး ပြုလုပ်ကာ ဧပြီလတွင် MNDAA သိမ်းထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးခဲ့ရသည်။

စစ်ကောင်စီနှင့် TNLA အကြား အပစ်ရပ်စဲရေး ဖြစ်ပေါ်လာရန် တရုတ်၏ စီစဉ်မှုဖြင့် ယခုနှစ် ဖေဖော်ဝါရီ လလယ်တွင် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှုမရခဲ့ပေ။ စစ်ကောင်စီသည် အပစ်ရပ်စဲရေး ဆွေးနွေးနေသည့် ကြားကပင် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ထိုသို့ တရုတ်နိုင်ငံအစိုးရ မြန်မာ့အရေး၌ ဝင်ရောက်စွက်ဖက်မှုများကို တော်လှန်ရေးအင်အားစုများက ဝေဖန်ခဲ့ကြသည်။

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယခု ဧပြီ ၂၉ရက် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

“တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို ထင်ပါတယ်။ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲအပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင် ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို ကျွန်တော်တိုအားလုံး တိုက်တွန်းနှိးဆော် သင့်တယ်လို ယူဆပါတယ်။”ဟု ယာယီသမ္မတက ပြောသည်။

တရုတ်အနေဖြင့် မြန်မာ့အရေး၌ တက်ကြွစွာ ဝင်ရောက်ဖျန်ဖြေမှုကို မငြင်းသော်လည်း တဖက်တွင် ယခုထက် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုများဖြင့် ကြားဝင် ဖျန်ဖြေမှသာ ရေရှည် အတွက် ဆေးနည်းကောင်းဖြစ်မည်ဟု သမ္မတ ဒူဝါလရှီးလက ပြောသည်။

ယခုလုပ်ရပ်သည် မြန်မာ့အရေးကို လတ်တလော အနာသက်သာရုံ ဆေးမြီးတိုလောက်ဖြင့် ကျေနပ်တင်းတိမ်ရမလို ဖြစ်နေသည်ဟု ယူဆကြောင်း ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုဘက် ပူးပေါင်းနိုင်ရေး အခွင့်အရေးများကို တော်လှန်ရေးအင်အားစုများက လမ်းဖွင့်ပေးထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ ၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနတာဝန်ခံ စောဒိုရှီက ပြောသည်။

သတင်း

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် အများအပြား သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ကြီးသေဆုံးခဲ့မှုမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ လက်နက်ချလိုသည့် ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

သတင်း

ဖားကန့်မြို့ဦးတည်လာသည့် လမ်းပိုင်းများတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။