close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချာလီကာ့ခ် လုပ်ကြံမှု ကျူးလွန်သူကို သေဒဏ် ချမှတ်နိုင်ဖို့ အစိုးရ ရှေ့နေတွေ ရည်ရွယ်ထား

လူသိများတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို ပစ်ခတ် လုပ်ကြံခဲ့တဲ့ လူငယ် အမျိုးသားကို သေဒဏ် စီရင်နိုင်ဖို့ ယူတားပြည်နယ် အစိုးရ ရှေ့နေတွေက ရည်ရွယ်ထားပါတယ်။

ဓာတ်ပုံ - Reuters

လူသိများတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို ပစ်ခတ် လုပ်ကြံခဲ့တဲ့ လူငယ် အမျိုးသားကို သေဒဏ် စီရင်နိုင်ဖို့ ယူတားပြည်နယ် အစိုးရ ရှေ့နေတွေက ရည်ရွယ်ထားပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုင်လာ ရော်ဘင်ဆန်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ချာလီကာ့ခ်ကို သတ်ဖြတ်မှုအတွက် ဖမ်းဆီး ခံထားရပါတယ်။ အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ယူတားဗယ်လီ တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ စကားရည် လုနေတဲ့အချိန် အဝေးကနေ လှမ်းပစ်တဲ့ ကျည်ဆန်က လည်ပင်းကို ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုအပြီး ၃၃ နာရီ အကြာမှာတော့ ရော်ဘင်ဆန်ရဲ့ မိသားစုက ဆက်သွယ် သတင်းပေးမှုနဲ့အတူ သူ့ကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ လူသတ်မှုနဲ့ ပထမဆုံးအကြိမ် တရားခွင်မှာ စွဲချက်တင် စစ်ဆေးခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေက ရော်ဘင်ဆန်ဆီကနေ အခန်းဖော် တစ်ဦးဆီ ပေးပို့ခဲ့တယ်ဆိုတဲ့ text messageတွေကို သက်သေအဖြစ် တင်ပြခဲ့ပြီး အဲဒီထဲမှာ ရော်ဘင်ဆန်က ကာ့ခ်ရဲ့ နိုင်ငံရေး သဘောထားတွေကြောင့် သူ့ကို စက်ဆုပ် မုန်းတီးတယ်ဆိုတာ ဝန်ခံ ရေးသားထားပါတယ်။ သက်သေအဖြစ် တင်ပြထားတဲ့ message တစ်ခုမှာတော့ ရော်ဘင်ဆန်က ‘ဒီကောင်ရဲ့ အမုန်းစကား ဖြန့်ဝေမှုတွေကို ငါတော့ စိတ်ကုန်သွားပြီ’လို့ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရားခွင်မှာတော့ ယူတားကောင်တီခရိုင် အစိုးရရှေ့နေ ဂျက်ဖရီ ဂရေးက သံသယ တရားခံအပေါ် စွဲချက် ၇ ခု တင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ရန်လို အကြမ်းဖက် လူသတ်မှု၊ သက်သေခံ လက်နက်ကို ဖျောက်ဖျက်မှု၊ သက်သေ ထွက်ဆိုချက်တွေ ပြောင်းလဲစေဖို့ ကြံစည်မှု ဆိုတာတွေ ပါဝင်နေပါတယ်။ ဂရေးက လက်ရှိ ရထားတဲ့ သက်သေ အထောက်အထားတွေအပေါ် မူတည်ပြီး စဉ်းစားရုံနဲ့တင် သံသယ တရားခံဟာ သေဒဏ်နဲ့ ထိုက်တန်တယ်ဆိုတာ စိတ်ရှင်းရှင်းနဲ့ သတ်မှတ်လို့ရကြောင်းလည်း ပြောပါတယ်။

ရော်ဘင်ဆန်ရဲ့ ကွန်ပျူတာ ကီးဘုတ်နားမှာ သူက ‘ငါ့မှာ ချာလီကာ့ခ်ကို သတ်နိုင်မယ့် အခွင့်အရေး ရှိခဲ့ရင် အဲဒါကို အရယူမှာ’လို့ ရေးထားတဲ့ မှတ်စု ဖြတ်ပိုင်းတို တစ်ခုကို ရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။ သူက ကာ့ခ်ကို လုပ်ကြံချင်တဲ့ထိ မုန်းတီးနေတဲ့ ကိစ္စကို အခန်းဖော်ဆီ ဖွင့်ပြောတဲ့နောက် အငြင်းအခုံတွေ ဖြစ်ခဲ့ကြပါတယ်။ လုပ်ကြံမှု ဖြစ်ပြီးတဲ့ နောက်မှာတော့ ရော်ဘင်ဆန်က ‘သူစိတ်မကောင်းပါဘူး’ဆိုတဲ့ messageကို အခန်းဖော်ဆီ ပို့ခဲ့ပါတယ်။

သူက အခင်းဖြစ်ရာ နေရာနားက တောအုပ်ထဲမှာ စွန့်ပစ်ခဲ့တဲ့ လူသတ်လက်နက်ကို တောအုပ်ထဲမှာ စွန့်ပစ်ခဲ့ပြီး ပြန်ယူဖို့လိုကြောင်း၊ ဒီစာကိုလည်း ဖတ်ပြီးရင် ဖျက်ပစ်စေလိုကြောင်း အခန်းဖော်ဆီ message ထပ်ပို့ခဲ့ပါသေးတယ်။ ရော်ဘင်ဆန် အသုံးပြုခဲ့တဲ့ ရိုင်ဖယ် သေနတ်ကိုတော့ ရဲတွေက သိမ်းဆည်းရမိခဲ့ပြီး ခလုတ်ပေါ်မှာ သူ့ရဲ့ DNA အကြွင်းအကျန်တွေကို ရှာတွေ့ခဲ့ပါတယ်။

ရော်ဘင်ဆန်ရဲ့ အခန်းဖော် ဖြစ်ခဲ့သူဟာ စုံစမ်းမှုတွေမှာ ထဲထဲဝင်ဝင် ပူးပေါင်း ကူညီနေတယ်လို့ ရဲတွေက ပြောပေမယ့် သူဘယ်သူလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ အမှုကို တည်ဆောက်ရာမှာ အဲဒီ အခန်းဖော်ဟာ အစိုးရ ရှေ့နေတွေအတွက် အဓိက သက်သေ ဖြစ်လာဖွယ် ရှိပါတယ်။

ကာ့ခ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လူသိများတဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်ပြီး လူပေါင်း ၃၀၀၀ လောက်ရဲ့ ရှေ့မှောက်မှာ ပစ်သတ် ခံခဲ့ရတာပါ။ သူ့ကို လုပ်ကြံတဲ့ ဖြစ်စဉ်ကို ရိုက်ကူးမိထားတဲ့ ဗီဒီယိုတွေဟာလည်း လူမှုကွန်ရက် ဗီဒီယိုတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ ရော်ဘင်ဆန်ကို ဖမ်းမမိခင် ကတည်းက လုပ်ကြံသူကို သေဒဏ်ချမှတ်သင့်တယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

ကာ့ခ်ဟာ ၂၀၂၄ ရွေးကောက်ပွဲကြိုကာလမှာ ထရမ့်အတွက် လူငယ်တွေက ထောက်ခံမဲပေးအောင် တက်တက်ကြွကြွ စည်းရုံးလှုံ့ဆော် မဲဆွယ်ပေးခဲ့သူဖြစ်ပြီး အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။

အမေရိကန်မှာတော့ ဒါဟာ တစ်နှစ်ဝန်းကျင်လောက် ကာလအတွင်း လူသိများတဲ့ နိုင်ငံရေးသမားတွေကို လုပ်ကြံတဲ့၊ ဒါမှမဟုတ် လုပ်ကြံဖို့ ကိုယ်ထိလက်ရောက် ကြိုးစားတဲ့ တတိယမြောက် ဖြစ်စဉ်အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ထရမ့်ကိုယ်တိုင်လည်း သမ္မတ မဖြစ်ခင် မဲဆွယ်စည်းရုံးရေး ကာလမှာ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပြီး နားရွက်နားမှာ ဒဏ်ရာရသွားခဲ့ဖူးပြီး အသက်ဘေးက ပွတ်ကာသီကာ လွတ်မြောက်ခဲ့တာပါ။ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီရဲ့ မင်နီဆိုးတား ပြည်နယ် အောက်လွှတ်တော်အမတ် မယ်လစ်ဆာ ဟော့တ်မန်းဟာ ခင်ပွန်းနဲ့အတူ နေအိမ်မှာ သေနတ်သမား တစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ်တစ်ဦး ဖြစ်ခဲ့သူ ချာလီကာ့ခ်ကို လုပ်ကြံခဲ့တဲ့ သေနတ်သမားဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် ချာလီကာ့ခ် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် အမတ် ဘာနေ ဆန်းဒါးစ်က သူ့သဘောထား အမြင်ကို ထုတ်ပြောရာမှာ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှုတွေကို အပြင်းအထန် ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦးကို ပစ်ခတ် လုပ်ကြံမှုအပြီး ကျူးလွန်သူက မိသားစုဆီ ထုတ်ဝန်ခံပြီး အာဏာပိုင်တွေဆီ ဆက်သွယ် အဖမ်းခံခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Facebook